ပိတ်ရက်ကာလမှာ ခရီးသွားပြည်သူများတဲ့အတွက် အမြန်လမ်းက သက်ဆိုင်ရာတိုးဂိတ်တွေမှာ ကားတွေတန်းစီစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
photo - ခရီးသွားပြည်သူတစ်ဦး
သီတင်းကျွတ်ပိတ်ရက် ကာလက အောက်တိုဘာလ (၁၉)ရက်နေ့ကနေ (၂၁)ရက်နေ့ထိဖြစ်ပေမယ့် အမြန်လမ်းမှာတော့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ခရီးသွားသူတွေများပြားနေတာပါ။
“ အမြန်လမ်းမကြီးပေါ်မှာတော့ ကားတွေပိတ်တာမရှိပါဘူး။ သိရသလောက် သက်ဆိုင်ရာတိုးဂိတ်တွေ မန္တလေး၊ ရန်ကုန်ဘက်မှာဆို ကားတွေပိတ်တဲ့အထိ တန်းစီရတယ်ဆိုတာတော့ သိရတယ်” လို့ အမြန်လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက Duwun ကို ပြောပါတယ်။
ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာဆိုရင်လည်း အမြန်လမ်းတိုးဂိတ် ၀ မိုင်မှာ ကားတွေတန်းစီ စောင့်ဆိုင်းနေရတာပဲဖြစ်ပါတယ်။
အမြန်လမ်း သုညမိုင်တိုးဂိတ်မှာ ကားတွေတန်းစီစောင့်ဆိုင်းနေရတဲ့ပုံရိပ်တွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အမြန်လမ်းကို အသုံးပြုပြီး ခရီးသွားလာတဲ့သူတွေ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတ်မှတ်မိုင်နှုန်းထက်ကျော်မောင်းတဲ့ကားတွေကို မိုင်နှုန်းဖမ်းစက်တွေနဲ့ ဖမ်းဆီးအရေးယူဆောင်ရွက်နေတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။