မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဝက်စ် ဘရောင်းဟာ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်က တစ်ခါတုန်းက ၎င်းရဲ့ ခေါင်းကို ခရစ်ကတ် ဘတ်တံနဲ့ ရိုက်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာ အချိန်အတော်ကြာ အလုပ်အကျွေးပြုခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဝက်စ် ဘရောင်းဟာ ၂၀၁၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို မစွန့်ခွာခင် ပရီးမီးယားလိဂ်ဖလား ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ်အထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ကစားသမားကို ၁၅ နှစ်ဝန်းကျင် ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး ဝက်စ် ဘရောင်းကလည်း လိုအပ်လာတဲ့အချိန်ကျရင် အားကိုးလို့ရနိုင်တဲ့ နောက်ခံကစားသမားတစ်ဦးအဖြစ် သက်သေပြသခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဝက်စ် ဘရောင်းဟာ စကော့လူမျိုးနည်းပြကြီးရဲ့ ယုံကြည်မှုကို ရရှိခဲ့ပေမယ့် ကမ္ဘာကျော်တဲ့ ဖာဂူဆန်ရဲ့ အမျက်ဒေါသကနေ လွတ်မြောက်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီးက ခရစ်ကတ် ဘတ်တံနဲ့ ရိုက်ခဲ့တဲ့ ကောလာဟလတွေက အမှန်လားလို့ မေးမြန်းခဲ့ရာမှာ "အမှန်ပါပဲ။ သူ ဒီလို သေးငယ်တဲ့ ခရစ်ကတ်ဘတ်တံလေးကို အသုံးပြုနေကျပါ။ အဲဒီဘတ်တံမှာ သြစတြေးလျလား နယူးဇီလန်ကလားမသိတဲ့ ကစားသမားရဲ့ လက်မှတ်ထိုးထားတာပါလားဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော့်ကို အိမ်ပြောင်းရမယ်လို့ သူ ပြောခဲ့ပြီး ကျွန်တော်ကလည်း ဘယ်ကို ပြောင်းရမှာလဲလို့ ပြန်ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်တော့်ကို ခရစ်ကတ် ဘတ်တံနဲ့ ဆော်ပါလေရော"လို့ ပြောကြားခဲ့ပါတယ်။
ဖာဂူဆန်ဟာ ပုံမှန် စွမ်းဆောင်ရည်အောက် ကျဆင်းနေတဲ့ ကစားသမားတွေကို လှုံ့ဆော်မှုပေးတဲ့အနေနဲ့ ဆံပင်လေမှုတ်စက် ဆက်ဆံမှုမျိုး ပေးတတ်ပေမယ့် ဝက်စ် ဘရောင်းရဲ့ ပြဿနာက အိမ်ရှာဖွေရတာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ "ဘတ်တံက သေးသေးလေးပါ။ ကျွန်တော့်ရဲ့ ခေါင်းကို နည်းနည်းလေးပဲ ပုတ်ခဲ့ရုံပါ။ အခု ကျွန်တော်သူ့ကို တွေ့တဲ့အချိန်အဲဒီအကြောင်းပြောရင် ဆော်တုန်းပါ။ ကျွန်တော် လောင်းဆိုက်ကနေ အိမ်ပြောင်းရမယ်လို့ သူ ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်က မြို့လယ်က နေရာတွေကို ပြောင်းဖို့ ရှာနေတယ်ဆိုပြီး သူ ဆော်အောင် တမင်ဆွခဲ့တယ်"လို့ ပြောကြားခဲ့ပါတယ်။