ခရစ္စမတ်နီးလာပြီဆိုတော့ ချစ်ချစ်အတွက်ပဲဖြစ်ဖြစ်၊ မိသားစုနဲ့သူငယ်ချင်းတွေကိုပဲ ဖြစ်ဖြစ် ခရစ္စမတ် လက်ဆောင် ဘာလေးများပေးရင်ကောင်းမလဲလို့ စဉ်းစားကြရတော့မှာ။ ဒီလိုစဉ်းစားတဲ့ အခါ ဦးနှောက်မစားဘဲ လွယ်ကူစေမယ့် ရိုးရှင်းတဲ့စည်းမျဉ်း ၄ ခုကိုပြောပြပေးချင်ပါတယ်။ တကယ်တော့ ခရစ္စမတ်လက်ဆောင်မှ မဟုတ်ဘဲ ကိုယ်ချစ်ခင်ရတဲ့ သူတွေကို ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ် လက်ဆောင်ပေးခါနီးရင် ဒီရိုးရှင်းတဲ့အချက်တွေအပေါ်အခြေခံစဉ်းစားလို့ရပါတယ်။


သူလိုချင်တာပေးမလား၊ သူလိုအပ်နေတာပေးမလား

Photo: Dawn

ကိုယ့်ရဲ့အရင်းနှီးဆုံးသူတစ်ယောက်အတွက် လက်ဆောင်ပေးမှာဆိုတော့ သူလိုအပ်နေတာတွေကိုရော၊ သူလိုချင်နေတာကို ကိုယ်က သိပြီးသားဖြစ်နေမှာပါ။ သူလိုချင်တာတစ်ခုခုကိုပေးမလား၊ လိုအပ်နေတာတစ်ခုခုကိုပေးမလားဆိုတာကို အရင်ဆုံး ဖြတ်လိုက်မယ်ဆိုရင် လက်ဆောင်ရွေးချယ်တဲ့အခါ စဉ်းစားရလွယ်ကူသွားပါလိမ့်မယ်။


ကုန်ကျစရိတ်

Photo: CSM

ကိုယ်တိုင်ဖန်တီးထားတဲ့ Handmade ပစ္စည်းမျိုးလေးတွေပေးမှာမဟုတ်ရင် လက်ဆောင်အတွက်ဘယ်လောက် အကုန်အကျခံနိုင်လဲဆိုတာကိုလည်း လက်ဆောင်ပစ္စည်းမရွေးခင်အရင်စဉ်းစားထားတာပိုအဆင်ပြေပါတယ်။ ဒါဆိုရင် ကိုယ်ပေးဖို့ ရည်ရွယ်ထားတဲ့လက်ဆောင်က ကိုယ်တတ်နိုင်တာထက်တန်ဖိုးပိုများနေရင်တောင် ကြိုတင်စီစဉ်ဖို့အချိန်ရမှာပဲ ဖြစ်ပါတယ်။


စိတ်လှုပ်ရှားစရာလား၊ ရေရှည်အမှတ်ရစရာလား

Photo: Business Insider

မြင်လိုက်တာနဲ့ ရုတ်တရက်စိတ်လှုပ်ရှားသွားစေနိုင်တဲ့ပစ္စည်းမျိုးပေးမှာလား၊ ရေရှည်သိမ်းထားပြီး အကြာကြီးအမှတ်ရ နေစေမယ့်ပစ္စည်းမျိုးပေးမှာလား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းစဉ်းစားထားဖို့လိုပါတယ်။ မြင်မြင်ချင်း စိတ်လှုပ်ရှားပြီး ရေရှည်လည်း အမှတ်ရနေနိုင်မယ့် လက်ဆောင်မျိုးတွေလည်းရှိတယ်ဆိုပေမဲ့ ကိုယ်သုံးနိုင်တဲ့ ကုန်ကျစရိတ်နဲ့ အဲဒီလို လက်ဆောင်မျိုးမဝယ်နိုင်ရင် တစ်ခုခုကိုသေချာစဉ်းစားဆုံးဖြတ်ရတော့မှာပါ။


အကောင်အထည်မရှိတဲ့ လက်ဆောင်မျိုးတွေလည်း ပေးလို့ရတယ်

Photo: Superior Wallpaper

လက်ဆောင်ပေးမယ်ဆိုရင် ပစ္စည်းတစ်မျိုးမျိုးပဲပေးရမယ်လို့ ပုံသေမှတ်ထားစရာမလိုပါဘူး။ ခရီးတစ်ခုခုစီစဉ်ပေးတာ၊ အမှတ်ရစရာအခိုက်အတံ့လေးတစ်ခုခုဖန်တီးပေးတာမျိုးလေးတွေလည်း လုပ်လို့ရတယ်ဆိုတာသတိရပါ။ ဒီလိုလက်ဆောင် မျိုးတွေက ရုပ်ဝတ္ထုအနေနဲ့လက်ထဲမှာ မကျန်ခဲ့ပေမဲ့ ပြန်တွေးမိတိုင်းကြည်နူးစေနိုင်ပါတယ်။

Ref: listen Money Matters

Share

က္က