အေဘရာမိုဗစ်ချ်က သူ့ပိုက်ဆံတွေ ပြန်တောင်းနေတာဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ အသင်းအတွက် သူစိုက်ထုတ်သုံးစွဲပေးထားတဲ့ ငွေကြေး ပေါင် (၁.၆) ဘီလီယံကို ပြန်လည်တောင်းဆိုနေတာကြောင့် ပိုင်ရှင်သစ်ထံ လွှဲပြောင်းရေးကိစ္စတွေက ကြန့်ကြာနေတယ်လို့ သိရှိရပါတယ်။ ရုရှားသူဌေး အေဘရာမိုဗစ်ချ်ဟာ ဗြိတိန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် ချဲလ်ဆီးကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။



ဗြိတိန်အစိုးရဟာ ချဲလ်ဆီးကိုရောင်းချတဲ့နေရာမှာ ငွေကြေးတပြားတချပ်ကိုမှ အေဘရာမိုဗစ်ချ်ဆီ အရောက်မခံဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အေဘရာမိုဗစ်ချ်ကလည်း သူ့အနေနဲ့ အသင်းအတွက် သုံးစွဲပေးထားတဲ့ ငွေကြေးတွေကို ပြန်လည်တောင်းဆိုသွားမှာမဟုတ်ဘူးလို့ ကနဦးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

အခုချိန်မှာ ချဲလ်ဆီးကို ဝယ်ယူဖို့အတွက် တော့ဒ်ဘိုဟ်လေဆိုတဲ့ပုဂ္ဂိုလ်က သေချာသလောက်ဖြစ်နေပြီး အရောင်းအဝယ်ကိစ္စတွေ အပြီးသတ်ဖို့ နီးစပ်လာချိန်မှာ အေဘရာမိုဗစ်ချ်က သူ့အတွက် ပိုက်ဆံကို ပြန်လည်အလိုရှိနေတာဖြစ်ပါတယ်။ ပိုင်ရှင်အသစ်အနေနဲ့ ချဲလ်ဆီးကို ပေါင် (၄) ဘီလီယံဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာပါ။

ဒါပေမယ့် အေဘရာမိုဗစ်ချ် တောင်းဆိုနေတဲ့ ပေါင် (၁.၆) ဘီလီယံကိုသာ ပေးချေရမယ်ဆိုရင် ပေါင် (၅) ဘီလီယံနဲ့ (၅) ဘီလီယံကျော် ကုန်ကျမှာဖြစ်ပြီး ဒီအတွက်လည်း အခက်အခဲရှိလာနိုင်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးကို ရောင်းချလို့ရရှိတဲ့ ဝင်ငွေကို အေဘရာမိုဗစ်ချ်ထံ တပြားတချပ်မှ မရောက်ရှိစေရေးဆိုတဲ့ ဗြိတိန်အစိုးရရဲ့ မူဝါဒကိုလည်း ထိခိုက်စေပါတယ်။

တကယ်လို့များ ချဲလ်ဆီးအနေနဲ့ မေ (၃၁) မတိုင်ခင်မှာ အသင်းပိုင်ရှင်သစ်ကိစ္စကို အပြီးမသတ်နိုင်ခဲ့ရင် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံရနိုင်ခြေရှိပါတယ်။ ချဲလ်ဆီးပရိသတ်အချို့ကတော့ အေဘရာမိုဗစ်ချ်ကြီး အသင်းကို ချစ်လှပါတယ်ဆိုပြီး ချီးကျူးခဲ့ရာကနေ အခုတခါမှာတော့ အေဘရာမိုဗစ်ချ်ကြောင့်ပဲ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချဲလ်ဆီးတို့ လွဲချော်နိုင်မယ့် အန္တရာယ်ရှိလာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က