ဆာကာတယောက် အာဆင်နယ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမယ့် သူ့ရဲ့ စာချုပ်သစ်မှာ လျော်ကြေးထည့်သွင်းချုပ်ဆိုလိုခြင်းမရှိဘူးလို့ သိရှိရပါတယ်။ နေ့ချင်းညချင်းဆိုသလို အာဆင်နယ်ရဲ့ အသက် (၂၀) အရွယ် အဓိက,ကစားသမားလေးဟာ အသင်းနဲ့ (၂၀၂၄) အထိ စာချုပ်သက်တမ်းရှိသူပါ။
ဒါပေမယ့် လီဗာပူးအပါအဝင် ဥရောပထိပ်သီးအချို့က ကစားသမားရဲ့ ရေရှည်အလားအလာကို စောင့်ကြည့်နေတာကြောင့် အာဆင်နယ်က ဒီအပေါ်မှာ စိုးရိမ်မကင်းဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်က ကစားသမားကို နောက်ထပ်ကာလရှည် စာချုပ်ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာပါ။
ဆာကာရဲ့ လက်ရှိတပတ်လုပ်ခက ပေါင် (၁၂၅,၀၀၀) ဖြစ်ပြီး ဒီထက်ပိုမိုများပြားတဲ့ လုပ်ခလစာနဲ့ ဆာကာကို ထပ်မံထိန်းသိမ်းထားဖို့ အာဆင်နယ်က ဆန္ဒရှိနေပါတယ်။ ဆာကာအနေနဲ့ အာဆင်နယ်အသင်းနဲ့ရော၊ နည်းပြ အာတီတာနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိပါတယ်။ ဒါပေမယ့် ချွင်းချက်အနေနဲ့ စာချုပ်သစ်မှာ လျော်ကြေးမပါဖို့ ဆာကာက မျှော်လင့်ထားတာပါ။
တကယ်လို့သာ အသင်းကနေ ထွက်ခွာရခက်ခဲမယ့် လျော်ကြေးပမာဏကို ထည့်သွင်းထားမယ်ဆိုရင် ဆာကာတယောက် အာဆင်နယ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆန်သွားမယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ ဆာကာအနေနဲ့ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲတခုဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ကစားဖို့ ဆန္ဒရှိနေတာကြောင့်ပါ။
အာဆင်နယ်ဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သလောက်ဖြစ်သွားခဲ့ပြီးနောက် ဆာကာရဲ့အနာဂတ်က အခုလိုပဲ လှုပ်ခတ်လာခဲ့တာဖြစ်ပါတယ်။ ဆာကာနဲ့စမစ်ရိုးတို့ရဲ့ အာဆင်နယ်ရဲ့ နောက်ဆုံးထွက်ကုန်တွေဖြစ်ပြီး သူတို့ရဲ့အနာဂတ်အတွက် အသင်းရဲ့ ရေရှည်အနေအထားကိုလည်း အကဲခတ်နေကြမှာ သေချာပါတယ်။