Autophobia ဆိုတာ ကိုယ့်အိမ်ပဲဖြစ်ဖြစ် ၊ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုခုမှာ ရှိနေရင်တောင် တစ်ယောက်ထဲ အထီးကျန်မှာကိုတွေးပြီး ဝန်းနည်းထိတ်လန့်တတ်တဲ့ အထီးကျန်ခံစားမှုနဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ ဒီစိတ်ရောဂါရှိသူတွေဟာ တစ်ယောက်ထဲနေရရင် အန္တရာယ်တစ်ခုခုဖြစ်မလားဆိုတဲ့ အတွေးတွေနဲ့ ကြောက်လန့်နေတတ်ပြီး ချစ်တဲ့သူတစ်ယောက် အနားမှာ ရှိနေမှဖြစ်မယ်လို့ တွေးကြ ၊ တောင့်တကြပါတယ်။
Photo: Medium
အထီးကျန်ခြင်း စိတ်ရောဂါ (Autophobia ) ဘာကြောင့်ဖြစ်လဲ
ပညာရှင်တွေရဲ့ လေ့လာမှုအရတော့ ဒီစိတ်ရောဂါဖြစ်စေတယ်လို့ ယုံကြည်ရတဲ့ အချက်တွေထဲမှာ ငယ်စဉ်ကလေးဘဝက မိဘက စွန့်ပစ်တာ ၊ ကောင်းကောင်းအချစ်မခံရတာ ဒါတွေက ပထမဆုံး ကလေးဘဝမှာ စိတ်ဒဏ်ရာဖြစ်ခဲ့ပြီး ကြီးလာတာနဲ့အမျှ ဒါက စိတ်ရောဂါအသွင်ကို ပြောင်းလာတာမျိုးပါ။
ဒါ့အပြင် ချစ်တဲ့သူ တစ်ဦးတစ်ယောက် သေဆုံးတာ ၊ ဆက်ဆံရေးတစ်ခု အဆုံးသတ်တာတွေရဲ့ နောက်မှာလည်း သူတို့ရဲ့ ဘဝမှာ အရေးပါတဲ့သူတွေ စွန့်ခွာသွားမှာကြောက်ရာကနေ အထီးကျန်ခြင်း စိတ်ရောဂါ (Autophobia ) ဖြစ်လာတာပါ။ သူတို့ချစ်တဲ့သူတွေ စွန့်ခွာတယ်ဆိုရာမှာလည်း ရုပ်ပိုင်းဆိုင်ရာအရ အထီးကျန်ခြင်း တစ်မျိုးတည်းမဟုတ်ဘဲ သူတို့ကို စိတ်မဝင်စားတော့မှာ ၊ မခင်တော့တွယ်မှာကနေ ငွေရေးကြေးရေး ကိစ္စတွေအထိ ပါဝင်ပါတယ်။
Photo: Live Bold and Bloom
အထီးကျန်ခြင်း စိတ်ရောဂါ (Autophobia ) ရဲ့ လက္ခဏာ (၇)မျိုး
- တစ်ယောက်တည်းနေတဲ့အချိန် ဘာတွေဖြစ်လာမလဲ တွေးကြောက်တာ
- တစ်ယောက်တည်းနေရမှာကို အရမ်းစိုးရိမ်နေတာ
- စိတ်နဲ့ကိုယ်နဲ့ မကပ်တာ
- အလွန်ကြောက်လန့်တာ
- တစ်ယောက်တည်းနေရရင် ထွက်ပြေးချင်လာတာ
- အထီးကျန်မှာကိုတွေးပြီး ဝမ်းနည်းတာ
- တစ်ကိုယ်လုံးတုန်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း ၊ ချွေးပြန်ခြင်း ၊ ခေါင်းမူးခြင်း ၊ ပျို့ခြင်း
Photo: Live Bold and Bloom
အထီးကျန်ခြင်း စိတ်ရောဂါ (Autophobia ) ခံစားရတဲ့အခါ
Autophobiaဟာ လူမှုရေးနဲ့သက်ဆိုင်တဲ့ စိုးရိမ်ပူပန်မှုဖြစ်ပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့အခါ ထိတ်လန့်ကြောက်ရွံ့မှုတွေက ပိုဆိုးလာပြီး သူတို့ရဲ့ ပုံမှန်အလုပ်တွေကိုတောင် အောင်မြင်အောင် မလုပ်နိုင်ဘဲ တဖြည်းဖြည်း စိတ်ဓာတ်အကျဘက်ကို ကူးလာပါတယ်။
ဒီစိတ်ရောဂါရှိတဲ့သူတွေက လူအများကြီးရှိတဲ့နေရာ ၊ သူတို့နဲ့ မရင်းနှီး အဆင်မပြေတဲ့ နေရာတစ်ခုကို သွားရတဲ့အခါတို့ ကြုံတဲ့အခါတို့မှာ အဲဒီကြောက်စိတ်ပေါ်လာပါတယ်။ ဒီစိတ်ရောဂါရှိသူတွေက တစ်ခုခုကို တွေးတဲ့အခါ အဆိုးဆုံးဖြစ်နိုင်ချေကိုပဲ တွေးတတ်ကြပါတယ်။
အထီးကျန်မှုကို တစ်ခါတစ်လေ ခံစားမိရုံနဲ့တော့ autophobia ရှိနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်တည်းနေရတာကို ကြောက်ပြီး ဒီခံစားမှုက ကိုယ့်ရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးလာပြီး ကြောက်ရွံ့စိတ် စွဲလာရင်တော့ autophobia ကို သတိထားရပါတော့မယ်။
Photo: Medical News Today
အထီးကျန်ခြင်း စိတ်ရောဂါ (Autophobia )ကို ဘယ်လိုကုမလဲ
ကိုယ့်မှာ တစ်ယောက်တည်းနေရမှာကြောက်တဲ့ autophobia ရှိနေတယ်လို့ ခံစားရရင် စိတ်ကျန်းမာရေးဆရာဝန် ၊ ပညာရှင်နဲ့ ဆွေးနွေးတာမျိုး ပြုလုပ်သင့်ပါတယ်။သူတို့က ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ခံစားချက်တွေကို မေးမြန်းပြီး ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အကဲဖြတ်ပေးပါလိမ့်မယ်။
လူတစ်ဦးနဲ့တစ်ဦး မတူညီတဲ့အတွက် စိတ်ရောဂါတွေကို ကုသတဲ့နေရာမှာ တိတိကျကျပြောဖို့ ခက်ပါတယ်။Autophobia အပျော့စားအခြေအနေမှာတော့ လူနာတွေကို တစ်ယောက်တည်းမနေစေတာ ၊ အိမ်အလုပ်လုပ်ရင်း သီချင်းနားထောင်တာ ၊ အိမ်မှာ တီဗီဖွင့်ထားတာမျိုး လုပ်ခိုင်းပါတယ်။ အထီးကျန်တယ်လို့ ခံစားရတဲ့အချိန်မှာ တိတ်ဆိတ်နေမှုက ပိုဆိုးရွားစေလို့ အသံတစ်ခုခုကြားနေအောင် ဖြစ်ပါတယ်။ဒါက autophobia ခံစားနေရတဲ့သူတွေအတွက် အလွန်အထောက်အကူဖြစ်နိုင်ပါတယ်။ဒါပေမယ့် ပြင်းထန်တဲ့ Autophobia အခြေအနေမှာရှိတယ်ဆိုရင်တော့ ဆေးဝါးအထောက်အပံ့ပါ ယူရမှာဖြစ်ပြီး အသေအချာကုသဖို့ လိုအပ်ပါတယ်။