မာလာလာက သူရဲ့ဘဝမှာ မြတ်နိုးတန်ဖိုးထားရတဲ့နေ့တစ်နေ့လို့ မင်္ဂလာပွဲနေ့ကို ညွှန်းဆိုပြောခဲ့ပါတယ်

နိုဘယ်ဆုရှင် မာလာလာယူဆွတ်ဖ်ဇိုင်းဟာ ဘာမင်ဂမ်မြို့မှာ အစ္စလာမ်မစ် မင်္ဂလာပွဲအခမ်းအနား ကျင်းပပြီး သူမရဲ့လက်တွဲဖော်နဲ့ ရွေလက်တွဲလိုက်ပြီ ဖြစ်ပါတယ်။

သူမနဲ့ အက်ဆာမာလစ်ခ်တို့ဟာ နေကာဟ်အခမ်းအနားဖြင့် အစ္စလာမ်ထုံးထမ်းအစဥ်အလာအတိုင်း လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးများ ပညာသင်ကြားခွင့်အရေး တက်ကြွလှုပ်ရှားသူ မာလာလာက သူရဲ့ဘဝမှာ မြတ်နိုးတန်ဖိုးထားရတဲ့နေ့တစ်နေ့လို့ မင်္ဂလာပွဲနေ့ကို ညွှန်းဆိုပြောခဲ့ပါတယ်။



(Photo: Malin Fezehai)

ပါကစ္စတန်အမျိုးသမီး မာလာလာဟာ ၂၀၁၂ ခုနှစ်မှာ တာလီဘန်စစ်သွေးကြွအုပ်စုက ဦးခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံ West Midlands မှာ ခိုလှုံခွင့်ရခဲ့ပါတယ်။ မာလာလာက "အက်ဆာနဲ့ ကျွန်မတို့ ဘဝအတွက် လက်တွဲဖော်တွေအဖြစ် လက်ထပ်လိုက်ကြပါပြီ၊ ရှေ့လာမယ့်ခရီးကို အတူလျှောက်ရဖို့ ကျွန်မတို့ ရင်ခုန်နေပါတယ်" လို့ အင်္ဂါနေ့ (နိုဝင်ဘာ ၉ ရက်) က Twitter မှာ ရေးထားပါတယ်။

အက်ဆာနဲ့ ကျွန်မတို့ ဘဝအတွက် လက်တွဲဖော်တွေအဖြစ် လက်ထပ်လိုက်ကြပါပြီ၊ ရှေ့လာမယ့်ခရီးကို အတူလျှောက်ရဖို့ ကျွန်မတို့ ရင်ခုန်နေပါတယ်

မာလာလာတို့ စုံတွဲက မိသားစုနဲ့အတူ နေကာဟ်ပွဲငယ်လေး ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရေးအရ လက်ထပ်ထိမ်းမြားရာမှာ ဘာသာရေးဆရာတစ်ဦးနဲ့ အသိသက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးတဲ့ နေကာဟ်အခမ်းအနားကို ဦးစွာကျင်းပကြပြီးနောက် ဧည့်ခံပွဲကို နောက်ထပ် သီးခြားအခမ်းအနားအဖြစ် ပြုလုပ်ကြလေ့ရှိပါတယ်။ မာလာလာတို့ စုံတွဲကတော့ သီးခြားဧည့်ခံပွဲ ပြုလုပ်ခဲ့ခြင်းရှိ မရှိ မပြောခဲ့ပါဘူး။

(Photo: Malin Fezehai)

မာလာလာဟာ ယခင်က အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်ကို ဇူလိုင်လအတွင်း Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ဖူးပါတယ်။ "လူတွေ ဘာကြောင့် လက်ထပ်ကြရတာလဲဆိုတာ ကျွန်မ နားမလည်သေးဘူး၊ တကယ်လို့ ဘဝမှာ လူတစ်ယောက်ကို ပိုင်ဆိုင်ချင်ရင် ဘာကြောင့် လက်ထပ်စာချုပ်တွေမှာ လက်မှတ်ထိုးရတာလဲ၊ ဘာကြောင့် လက်တွဲဖော်တွေအဖြစ်ပဲ ဖြစ်လို့မရတာလဲ?" လို့ သူမက ပြောခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

လူတွေ ဘာကြောင့် လက်ထပ်ကြရတာလဲဆိုတာ ကျွန်မ နားမလည်သေးဘူး၊ တကယ်လို့ ဘဝမှာ လူတစ်ယောက်ကို ပိုင်ဆိုင်ချင်ရင် ဘာကြောင့် လက်ထပ်စာချုပ်တွေမှာ လက်မှတ်ထိုးရတာလဲ၊ ဘာကြောင့် လက်တွဲဖော်တွေအဖြစ်ပဲ ဖြစ်လို့မရတာလဲ?

မာလာလာဟာ ပါကစ္စတန်မှာ နေထိုင်ခဲ့စဥ် အသက် ၁၅ နှစ်အရွယ်က မိန်းကလေးများ ပညာသင်ခွင့်ရရှိရေး သူမရဲ့ တက်ကြွလှုပ်ရှား ပြောဆိုမှုတွေကြောင့် တာလီဘန်အုပ်စုက ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။ ထို့နောက် တာလီဘန်အုပ်စုက ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ Swat တေင်ကြားဒေသမှာ ကျောင်းဘတ်စ်ကားပေါ်တက်ပြီး သူမကို ပစ်ခတ်ခဲ့ရာ မာလာလာက ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရခဲ့သလို သူမရဲ့ ကျောင်းနေဖက် သူငယ်ချင်းနှစ်ဦးလည်း ဒဏ်ရာရခဲ့ကြပါတယ်။

(Photo: Malin Fezehai)

တာလီဘန်တို့ ပစ်ခတ်မှုကြောင့် သေလုနီးပါးဖြစ်ခဲ့ရာမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် မာလာလာနဲ့ သူမရဲ့မိသားစုဟာ ဘာမင်ဂမ်မြို့ကို ‌ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့်ရခဲ့ကြပါတယ်။ ဘာမင်ဂမ်ဟာ သူမအတွက် "ဒုတိယ မွေးရပ်မြေ" လို့ မာလာလာက ညွှန်းဆိုခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာတော့ မာလာလာဟာ အသက်အငယ်ဆုံး ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမဟာ အောက်စ်ဖို့တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီး လူ့အခွင့်အရေး ဦးဆောင်လှုပ်ရှားသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။



Share

Loading Next Article...
က္က