ချစ်သူစုံတွဲတွေ၊ဇနီးမောင်နှံတွေကြားမှာ အကြောင်းအမျိုးမျိုးနဲ့ ရန်ဖြစ်တတ်ကြတာသဘာဝပါပဲ။ ဒါပေမဲ့ ရန်ဖြစ်တဲ့အချိန်မှာ ဒေါသအလျောက်ပြောမိ၊ဆိုမိတာတွေကြောင့် အချိန်ကြာလာတာနဲ့အမျှတစ်ယောက်နဲ့တစ်ယောက် နာကြည်းမှုတွေ တိုးလာပြီး အချစ်တွေလျော့လာနိုင်ပါတယ်။ ဒါဆိုရင် သာယာတဲ့အချစ်ခရီးလမ်းလေးကိုပိုင်ဆိုင်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါကြောင့် ရန်ဖြစ်တဲ့အချိန် တစ်ယောက်နဲ့တစ်ယောက်နာကြည်းစရာတွေမပြောမိ၊မလုပ်မိစေဖို့ စိတ်ပညာရှင်တွေ အကြံပြုထားတဲ့အချက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပြဿနာမဖြစ်ခင် ပြဿနာကိုကြိုပြောပါ
စုံတွဲတွေကြားမှာ ရုတ်တရက်ပေါ်တဲ့ စိတ်ဆိုးစရာပြဿနာတွေရှိတတ်ပေမယ့် ပြဿနာတော်တော်များများက အချိန်အတော်ကြာကြာ စိတ်ထဲမှာတနုံ့နုံ့ဖြစ်နေပြီးမှ ပေါက်ကွဲထွက်ပြီး စိတ်ဆိုးဒေါသဖြစ်ရတဲ့ပြဿနာမျိုးတွေပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာမကျေနပ်တာတစ်ခုခုရှိနေရင် သည်းမခံနိုင်လောက်အောင်စိတ်ဆိုးလာတဲ့အချိန်ထိ မြုံမထားဘဲ အဲဒီပြဿနာကိုပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်ဆိုရင် နာကြည်းစရာတွေမဖြစ်ရအောင် ကြိုတင်ရှောင်လွှဲ နိုင်မှာပဲ ဖြစ်ပါတယ်။
Photo: freepick.com
လက်ရှိပြဿနာကိုပဲ အာရုံစိုက်ပါ
ရန်ဖြစ်ကြပြီဆိုရင် လက်ရှိရန်ဖြစ်ရတဲ့အကြောင်းရင်းမှာတင် မရပ်ဘဲ ပဝေသဏီကပြဿနာတွေနဲ့ မဆိုင်တဲ့ကိစ္စတွေကိုပါ အစဆွဲထုတ်တာဟာလည်း ပြဿနာကိုမလိုအပ်ဘဲပိုမိုကြီးထွားစေနိုင်ပါတယ်။ ဒါကြောင့် ဘယ်ကိစ္စနဲ့ပဲ ရန်ဖြစ်ဖြစ်၊ ရန်ဖြစ်ရတဲ့အဓိကအကြောင်းရင်းနဲ့ပဲ ပြဿနာရှာကြေးလို့ နှစ်ယောက်ကြားမှာ ကြိုသဘောတူထားရင် ပြဿနာက မြန်မြန်ဆန်ဆန်ပြေလည်သွားနိုင်ပါတယ်။
အနိုင်ရဖို့အတွက် ရန်မဖြစ်ပါနဲ့
စုံတွဲတွေရန်ဖြစ်ကြတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မကျေလည်စရာပြဿနာရှိနေလို့ပါ။ ဒါကို မဖြေရှင်းဘဲ တစ်ယောက်နဲ့တစ်ယောက် သူ့ထက်ငါ စကားနိုင်လုနေမယ်ဆိုရင် ပြဿနာက ပြေလည်သွားစရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ရန်ဖြစ်ကြတဲ့အခါ ဒေါသထွက်နေရင်တောင် ကိုယ့်ခံစားချက်နဲ့မကျေနပ်ချက်ကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြနိုင်ဖို့ ကိုပဲ အာရုံစိုက်သင့်ပါတယ်။
Photo: Markmanson
တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်ကပြန်ပြောပေးပါ
ဒီအကြံပေးချက်က နည်းနည်းကြောင်တယ်လို့ထင်ရပေမဲ့ တကယ်အသုံးဝင်ပါတယ်။ ဥပမာ ကိုယ့်လက်တွဲဖော်က " အပတ်တိုင်း အဝတ်တွေကိုငါချည်းပဲလျှော်နေရတယ် " လို့သင့်ကိုပြောတယ်ဆိုရင် "အပတ်တိုင်းအဝတ်တွေကို နင်ချည်းပဲ လျှော်နေရတယ်..လို့ပြောတာလား" လို့ပြန်ပြောပေးပါ။ ရွဲ့ပြောတဲ့လေသံမျိုးနဲ့မဟုတ်ဘဲ သူပြောတာကို သူကိုယ်တိုင် ပြန်သွားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပြောဖို့တော့လိုပါတယ်။ ဒီလိုပြောပေးခြင်းဖြင့် သင့်လက်တွဲဖော်က စိတ်ထဲကမရည်ရွယ်ဘဲ ဒေါသအလျောက် ပြောမိတဲ့စကားဆိုရင် သူကိုယ်တိုင်ပြန်သတိပြန်ပြုမိသွားနိုင်သလို သင့်အနေနဲ့လည်း လက်တွဲဖော်ရဲ့ မကျေနပ်ချက်ကို ရှင်းရှင်းလင်းလင်းသတိပြုမိလာဖို့ အထောက်အကူဖြစ်မှာပါ။
ခေတ္တခွဲနေပါ
ရန်ဖြစ်ပြီးလမ်းခွဲကြဖို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးနေကြတဲ့အချိန်မှာ ရက်ပိုင်းလောက် မတွေ့ဘဲနေကြဖို့ပါ။ ဒီလို ခေတ္တမတွေ့ဘဲနေလိုက်ခြင်းအားဖြင့် စိတ်ဆိုးပြေသွားတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက်က ဘယ်လောက်လိုအပ်တယ်ဆိုတာကို ပိုနားလည်ပြီး နှစ်ဦးကြားအချစ်တွေ၊နားလည်မှုတွေ တိုးလာနိုင်ပါတယ်။
Ref: self.com