အိန္ဒိယနိုင်ငံမှ အသက် ၅၂ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်အမျိုးသားတစ်ဦးက ကမ္ဘာကျော်ထင်ရှားတဲ့ တာ့ဂျ်မဟာနဲ့ ပုံစံတူ အရွယ်အစားသေးငယ်တဲ့ နေအိမ်တစ်လုံးကို သူ့ရဲ့ဇနီးအတွက် ဆောက်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအိမ်က ကျွန်တော့်ဇနီးအတွက်သာမကဘဲ မြို့နဲ့ မြို့ခံတွေအတွက်ပါ လက်ဆောင်တစ်ခု ဖြစ်ပါတယ်
(Chouksey တို့ ဇနီးမောင်နှံ) (Photo: Anand Prakash Chouksey)
Anand Prakash Chouksey ဆိုသူ စီးပွားရေးလုပ်ငန်းရှင်က အိန္ဒိယအလယ်ပိုင်း မတ်ဒ်ယာပရာဒက်ရှ်ပြည်နယ် Burhanpur မြို့မှာ သူ့ရဲ့ "ချစ်ခြင်းမေတ္တာ အထိမ်းအမှတ်" နေအိမ်ကို ဆောက်လုပ်ခဲ့ပါတယ်။ "ဒီအိမ်က ကျွန်တော့်ဇနီးအတွက်သာမကဘဲ မြို့နဲ့ မြို့ခံတွေအတွက်ပါ လက်ဆောင်တစ်ခု ဖြစ်ပါတယ်" လို့ Chouksey က BBC သတင်းဌာနကို ပြောပါတယ်။ တာ့ဂျ်မဟာပုံစံတူ နေအိမ်ကို ဆောက်လုပ်ရာမှာ အိန္ဒိယရူပီးငွေ သန်း ၂၀ (မြန်မာကျပ်ငွေ သိန်း ၄,၇၀၀ ကျော်) ကုန်ကျခဲ့ပြီး ၃ နှစ်ကြာခဲ့တယ်လို့ သူကဆိုပါတယ်။
(နေအိမ်အတွင်းပိုင်း မြင်ကွင်းတစ်ခု) (Photo: Anand Prakash Chouksey)
စီးပွားရေးလုပ်ငန်းရှင် Chouksey က ဇနီးအတွက် တာ့ဂျ်မဟာပုံစံတူ နေအိမ်ကို ဆေးရုံတစ်ရုံပါဝင်တဲ့ သူ့ရဲ့ ဧက ၅၀ အကျယ်အဝန်းရှိ အိမ်ရာဝင်းအတွင်းမှာ ဆောက်လုပ်ထားပြီး လာရောက်လည်ပတ်သူတွေ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။
လာရောက်လည်ပတ်သူတွေက မြက်ခင်းတွေပေါ်မှာ လမ်းလျှောက်ကြပြီး အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိကြတယ်လို့ Chouksey က ပြောပါတယ်။ "လူအများကြီးက သူတို့ရဲ့ မင်္ဂလာပွဲအကြိုအနေနဲ့ ဒီမှာ ဓာတ်ပုံလာရိုက်ကြတယ်ဗျ" လို့ သူကဆိုပါတယ်။
(Chouksey ရဲ့ တာ့ဂျ်မဟာပုံစံတူ နေအိမ်) (Photo: Anand Prakash Chouksey)
"သူတို့က ကျွန်တော်တို့မြို့ကပဲဆိုတော့ ကျွန်တော် သူတို့ကို မတားမြစ်ပါဘူး၊ ဒီမြို့မှာက တရင်းတနှီး နေတတ်ကြတယ်လေ၊ အားလုံးက တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းနေကြတာပဲဆိုတော့ ကျွန်တော့်အိမ်က အားလုံးအတွက် တံခါးဖွင့်ထားပါတယ်" လို့ Chouksey က ပြောပါတယ်။
လူအများကြီးက သူတို့ရဲ့ မင်္ဂလာပွဲအကြိုအနေနဲ့ ဒီမှာ ဓာတ်ပုံလာရိုက်ကြတယ်ဗျ
ဒါပေမဲ့ လာရောက်လည်သူ အားလုံးကို အိမ်ထဲကိုတော့ ဝင်ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။ Couksey တို့ ဇနီးမောင်နှံရဲ့ တာ့ဂျ်မဟာပုံစံတူ နေအိမ်မှာ အိပ်ခန်းကျယ်နှစ်ခန်း သီးခြားတစ်ထပ်စီမှာ ပါဝင်ပြီး စာကြည့်တိုက်နဲ့ တရားထိုင်အခန်းလည်းရှိပါတယ်။ Couksey ဟာ အိန္ဒိယမှာ တာ့ဂျ်မဟာပုံစံတူ နေအိမ်တစ်လုံး ဆောက်လုပ်ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်တော့ မဟုတ်ခဲ့ပါဘူး။
(ညဘက်တွေ့ရတဲ့ Chouksey ရဲ့ တာ့ဂျ်မဟာပုံစံတူ နေအိမ်) (Photo: Anand Prakash Chouksey)
၂၀၁၃ ခုနှစ်အတွင်း အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်မှာ အငြိမ်းစား အစိုးရအရာရှိတစ်ဦးက သူ့ရဲ့ဇနီးအတွက် အမှတ်တရအနေနဲ့ တာ့ဂျ်မဟာပုံစံတူ အိမ်တစ်လုံး ဆောက်လုပ်ခဲ့ဖူးပါတယ်။ ကမ္ဘာကျော် တာ့ဂျ်မဟာအဆောက်အအုံဟာ Agra မြို့မှာရှိတဲ့ ၁၇ ရာစုနှစ် ဂူဗိမာန် ဖြစ်ပါတယ်။ တာ့ဂျ်မဟာဂူဗိမာန်ကို မဂိုဘုရင် Shah Jahan က သူ့ရဲ့မိဖုရား Mumtaz အမှတ်တရ တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။ မဂိုဘုရင် Shah Jahan ရဲ့မိဖုရား Mumtaz ဟာ သူတို့ရဲ့ ၁၄ ယောက်မြောက် ကလေးကို မွေးဖွားစဥ် ကွယ်လွန်သွားခဲ့ပါတယ်။
(ကမ္ဘာကျော် တာ့ဂျ်မဟာဂူဗိမာန်) (Photo: AFP)
စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ထားတဲ့ တာ့ဂျ်မဟာဂူဗိမာန်ဟာ ရင်သပ်ရှုမောဖွယ် ဗိသုကာလက်ရာတွေကြောင် ထင်ရှားကျော်ကြားပြီး အိန္ဒိယရဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို အဓိက ဆွဲဆောင်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါ မဖြစ်ပွားမီက တာ့ဂျ်မဟာကို နေ့စဥ် လာရောက်သူ ၇၀,၀၀၀ အထိ များပြားခဲ့ပြီး ကမ္ဘာကျော်အနုပညာရှင်တွေ အပါအဝင် ထင်ရှားသူများနဲ့ ကမ္ဘာ့ခေါင်းဆောင်များလည်း လာရောက်ခဲ့ကြဖူးပါတယ်။