ရီနာတိုဆန်းချက်စ်ကတော့ လိုင်လီကထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ပေါ်တူဂီလူမျိုး ကွင်းလယ်လူ ရီနာတိုဆန်းချက်စ်က လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ လိုင်လီကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ သွယ်ဝိုက်ပြောကြားလာပါတယ်။



အဆိုပါ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်လူကို အာဆင်နယ်တို့ ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒီကစားသမားကို ခေါ်ယူဖို့ အခြားသော ကလပ်တွေကလည်း စောင့်ကြည့်နေကြတာပါ။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ယူရို- ၂၀၁၆ တည်းက ထွန်းတောက်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ဥရောပထိပ်သီးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကိုတောင် ပြောင်းရွှေ့ခဲ့ပါသေးတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်မှာ ဆန်းချက်စ်တယောက် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ဆွမ်ဆီးကို အငှားနဲ့ သွားကစားခဲ့ရကာ (၂၀၁၉) မှာတော့ ပြင်သစ်လီဂူးကလပ် လိုင်လီကို ရောက်ရှိလာခဲ့တာပါ။ လိုင်လီကို ရောက်ရှိလာချိန်မှာတော့ ဆန်းချက်စ်ရဲ့ ကစားသမားဘဝက ပြန်လည်တောက်ပလာခဲ့ပြီး အခုလိုပဲ ဥရောပထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ် ကစားသမားအဖြစ် ပြန်လာနိုင်ခဲ့ပါတယ်။

ရီနာတိုဆန်းချက်စ်ကိုခေါ်ယူဖို့ အာဆင်နယ်အပြင် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါး၊ ဘာစီလိုနာနဲ့ အေစီမီလန်တို့ကလည်း စိတ်ဝင်စားနေတာပါ။ ဒီအပေါ်မှာ ရီနာတိုဆန်းချက်စ်က “ဘယ်အသင်းက ကျနော့်ကို စိတ်ဝင်စားနေတာလဲ။ အာဆင်နယ်နဲ့ အေစီမီလန်တို့က စိတ်ဝင်စားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“ဒါပေမယ့် ကျနော် အတိအကျ မသိပါဘူး။ ကျနော့်အေးဂျင့်နဲ့ စကားပြောခဲ့ပြီး ဘယ်အသင်းက ကျနော့်ကိုခေါ်ချင်တယ်၊ ဘယ်အသင်းကတော့ မခေါ်ချင်ဘူးဆိုတာကို ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော် အခု မပြောနိုင်သေးပါဘူး။ အသင်းပြောင်းဖို့တော့ အဆင်သင့်ဖြစ်နေပါပြီ”

“တကယ်လို့ အသင်းပြောင်းပြီဆိုရင် ဘယ်နေရာက ကျနော့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကို ကျနော် ကြည့်မှာပါ။ အေစီမီလန်ဟာ သူတို့က သမိုင်းဝင်ထိပ်တန်းအသင်းတသင်းပါ။ ဂန္တဝင်ဆန်ပြီး ကျနော်လည်း သဘောကျပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ကျနော် ဘာစီလိုနာကို သွားဖို့ လုပ်ပါသေးတယ်။ ဒါပေမယ့် ကျနော့်ဒဏ်ရာကြောင့် အရာအားလုံး ပျက်သွားပါတယ်။ ဇန်နဝါရီမှာ ထွက်ခွာဖို့လား? ကမ်းလှမ်းမှုသာ ရောက်လာရင် ကျနော်ကတော့ အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က