ချဲလ်ဆီးပရိသတ်တွေကတော့ ဘိုင်ယန်မြူးနစ်ဂန္တဝင်ကစားသမားဟောင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီးဂန္တဝင်ကစားသမားတွေကတောင် အခုလက်ရှိ ကစားသမားတွေထက် ပိုကောင်းလိမ့်မယ်လို့ မှတ်ချက်ပြုနေကြပါတယ်။ အဆိုပါ နှစ်သင်းဟာ ဗီယာလီအမှတ်တရပွဲအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခြေစမ်းကစားခဲ့တာပါ။
ချဲလ်ဆီးဂန္တဝင်အသင်းက ဒီပွဲမှာ ဘိုင်ယန်မြူးနစ်ဂန္တဝင်အသင်းကို လေးဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဂန္တဝင်အသင်းကို အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဒီမက်တီယိုက ကိုင်တွယ်ခဲ့ပြီး ကစားသမားစာရင်းကတော့ ချဲလ်ဆီးပရိသတ်တွေအတွက် အတိတ်ကို ပြန်လွမ်းလောက်စရာဖြစ်ခဲ့ပါတယ်။
ချဲလ်ဆီးဂန္တဝင်အသင်းမှာ ပီတာဆက်ချ်၊ ဂါးလက်စ်၊ ကာဟေးလ်၊ တယ်ရီ၊ ဘာထရန်၊ အက်ဆီယန်၊ မီခေးလ်၊ မော်ရစ်၊ ရာမီးရက်စ်၊ ကာလူးနဲ့ မာလူဒါတို့ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါတောင်မှ လက်ရှိအသင်းမှာ လမ်းပတ်၊ ဒရော့ဘာတို့လို ကစားသမားတွေ မပါဝင်ခဲ့ပါဘူး။
ချဲလ်ဆီးပရိသတ်တွေကတော့ အဆိုပါ ဂန္တဝင်အသင်းကြီးက လက်ရှိချဲလ်ဆီးအသင်းထက် ပိုကောင်းတယ်လို့ ယူဆနေကြပြီး ချဲလ်ဆီးဂန္တဝင်ကစားသမားကြီးတွေက လက်ရှိအနေအထားနဲ့ဆိုရင် အခု ချဲလ်ဆီးကို အနိုင်ယူနိုင်စွမ်းရှိကြောင်း မှတ်ချက်ပြုနေကြပါတယ်။
ချဲလ်ဆီးပရိသတ်တွေက “ဒီဂန္တဝင်အသင်းက လက်ရှိချဲလ်ဆီးကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တကယ်ကို စိတ်ပျက်မိပါတယ်” “ဒီအသင်းမှာ လမ်းပတ်နဲ့ ဒရော့ဘာတို့ကို ထည့်လိုက်ရင် ဒီရာသီမှာ လူတန်တောင်းထက် ပိုမြင့်တဲ့ အဆင့်တစ်ခုမှာ ရပ်တည်နေမှာပါ” “အက်ဆီယန်နဲ့ မီခေးလ်တို့ကို အန်ဇို၊ ကိုင်စီဒိုတို့နေရာမှာ ထည့်လိုက်ရင် ဇောချွေးပျံနေစရာ မလိုတော့ပါဘူး” လို့ အသီးသီး မှတ်ချက်ပြုခဲ့ကြပါတယ်။