ဘာစီလိုနာနောက်ခံလူ ပီကေးဟာ ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲကို လာရောက်လည်ပတ်ခဲ့ပြီး ဒီလိုမျိုး လာရောက်လည်ပတ်တဲ့နေရာမှာ ချဲလ်ဆီးတံဆိပ်ပါဝင်တဲ့ အိတ်တလုံးကို ကိုင်ဆောင်ထားတယ်လို့ ဓာတ်ပုံတွေက ဖော်ပြနေပါတယ်။ အသက် (၃၅) နှစ်အရွယ် ဒီကစားသမားဟာ အဆိုပါပြိုင်ပွဲကို ကြည့်ရှုဖို့အတွက် လန်ဒန်မြို့ အနောက်တောင်ပိုင်းဒေသကို ရောက်ရှိနေပါတယ်။
ဒီလိုမျိုး လာရောက်တဲ့နေရာမှာ ပီကေးက သူ့ကလေးတွေအတွက် ချဲလ်ဆီးအိမ်ကွင်းဂျာစီကို ချဲလ်ဆီးရဲ့ စတိုးဆိုင်ကနေ ဝယ်ယူပေးခဲ့တယ်လို့ စပိန်သတင်းဌာန မာကာက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးပရိသတ်တွေကတော့ ပီကေးကို အသင်းမှာ လာရောက်ကစားဖို့ ကြိုဆိုနေကြပါတယ်။ ပီကေးဟာ နည်းပြ ဇာဗီရဲ့ အနာဂတ်စီမံကိန်းတွေမှာ မပါဝင်တော့ဘူးလို့လည်း သိရပါတယ်။
ချဲလ်ဆီးပရိသတ်တွေက “ချဲလ်ဆီးကနေ ကြိုဆိုပါတယ်။ ပီကေး” “လူစားလဲခွင့် (၅) ယောက်နဲ့ ပွဲကျပ်တွေအတွက် ပီကေးလို အတွေ့အကြုံရှိ ကစားသမားကို ခေါ်တာ မမှားပါဘူး။ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့သာရရင် ကျနော် ပီကေးကို အမြဲတမ်း လိုက်ခေါ်ပါတယ်” “ပီကေးက အပြာရောင် တပ်သားဖြစ်သွားပြီ” အစရှိသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။
ပီကေးဟာ ကော့စ်မိုစ်တင်းနစ်ကုမ္ပဏီတခုရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေပြီး ဒေးဗစ်ဖလားပြိုင်ပွဲကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်နဲ့ လက်တွဲကျင်းပနေပါတယ်။ ဒါ့အပြင် အခု ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲမှာလည်း တနိုင်ငံတည်းသားချင်း တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ်လ်နဲ့ ပီကေးတို့ နာဒယ်လ်ရဲ့ ပထမဆုံးပွဲမတိုင်ခင်မှာ စကားပြောဆိုနေတာကိုလည်း သတင်းထောက်တွေက အမိအရဖော်ပြခဲ့ပါတယ်။