အငှားနဲ့ ထွက်ကစားပြီး အကောင်းဆုံးပုံစံပြသနေတဲ့ ကစားသမား ၂ ဦးပါ။

ချဲလ်ဆီးကနေ အငှားနဲ့ ထွက်ကစားနေတဲ့ ကော်နာ ဂယ်လေဂါနဲ့ ဘီလီ ဂီးလ်မိုးတို့ဟာ ၎င်းတို့ရဲ့ အငှားစာချုပ်ထဲမှာ ပါဝင်နေတဲ့ အချက်တွေကြောင့် ဇန်နဝါရီလမှာ စတမ်းဖို့ဒ် ဘရစ်ဂျ်ကို ပြန်သွားနိုင်မှာမဟုတ်ပါဘူး။

ဂယ်လေဂါဟာ ယခုရာသီ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အငှားကစားသမားအဖြစ်နဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့က အဲဗာတန်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂီးလ်မိုးကလည်း နောဝစ်ချ်အတွက် ကစားပေးနေချိန်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့ပေမယ့်လည်း ဒါနီရယ် ဖာကယ် နောက်ဆုံးတာဝန်ယူကိုင်တွယ်ခဲ့တဲ့အချိန်ကာလတွေမှာ ပွဲကစားချိန်မရရှိခဲ့တာဖြစ်ပါတယ်။ 



ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဂယ်လေဂါနဲ့ ဂီးလ်မိုးတို့ ၂ ဦးစလုံးကို ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ ရှိနေခဲ့ပေမယ့်လည်း The Athletic ရဲ့ ဖော်ပြချက်အရ အဲဒီလို ပြန်လည်ခေါ်ယူဖို့ မဖြစ်နိုင်ဘဲ ကစားသမား ၂ ဦးစလုံးဟာ ရာသီကုန်တဲ့အထိ အငှားနဲ့ ဆက်ကစားနေရမှာဖြစ်တယ်လို့ သိရပါတယ်။ ဂယ်လေဂါနဲ့ ဂီးလ်မိုးတို့ ၂ ဦးစလုံးဟာ အငှားနဲ့ သွားရောက်ကစားနေတဲ့ အသင်းတွေအတွက် လုံလောက်တဲ့ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီးဖြစ်တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ဇန်နဝါရီလမှာ ပြန်လည်ခေါ်ယူခွင့်ဟာ အသက်မဝင်တော့တာဖြစ်ပါတယ်။

ဂယ်လေဂါဟာ ခရစ္စတယ်ပဲလေ့စ်အတွက် ၁၅ ပွဲ ပါဝင်ကစားပေးထားရာမှာ ၆ ဂိုးသွင်းယူထားပြီး အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပါဝင်ကစားခွင့်တောင် ရရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီအဲရာက လက်ရှိအချိန်အထိတော့ ဂယ်လေဂါကို အငှားကစားသမားအဖြစ်ကနေ အပြီးသတ်ခေါ်ယူဖို့ တွန်းအားပေးပြောဆိုနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်နေပေမယ့် နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ ချဲလ်ဆီးအငှားကစားသမားကို အာဆင်ယန်ဂန္တဝင် ရေး ပါလာ၊ ချဲလ်ဆီးဂန္တဝင် ဖရန့်ခ် လမ်းပတ်တို့နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

"ကော်နာက ကွင်းထဲမှာ ရှိနေတဲ့အခါမှာ ရေး ပါလာလိုမျိုး ပွဲစဉ်အတွက် စိတ်ဆန္ဒပြင်းပြမှုမျိုးရှိပါတယ်။ ဒါပေမယ့် သူက အဆုံးသတ်ပိုင်း အရည်အသွေးကတော့ ဖရန့်ခ် လမ်းပတ်လိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ ကော်နာလို ကစားသမားမျိုးကို ရဖို့က နည်းပြတွေရဲ့ အိပ်မက်ပါ။ ဘာလို့လဲဆိုတော့ သူ ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာ သူက အရာအားလုံးကို ပေးမှာမို့လို့ပါ။ သူက အာရုံစိုက်ထားပြီး စိတ်တည်ငြိမ်တဲ့သူဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးကို အမြဲတမ်း ပေးမှာပါ။ ဒါက ကျွန်တော့်အတွက်တော့ တကယ်ကို အရေးပါတဲ့ တစ်စုံတရာပါပဲ"

ဂီးလ်မိုးကတော့ ယခုရာသီမှာ နောဝစ်ချ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးပေမယ့် တန်းမဆင်းရဖို့အတွက် တိုက်ပွဲဝင်ရာမှာ အသင်းအတွက် အဓိကကစားသမားဖြစ်ကြောင်းကို သက်သေပြသထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နည်းပြ ဒါနီရယ် ဖာကယ်လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဘီလီ ဂီးလ်မိုးဟာ နည်းပြသစ် ဒင်း စမစ်လက်ထက်မှာတော့ ပွဲတိုင်း ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။

Share

က္က