အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်အပေါ် ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့အပြီး ပထမဆုံးကစားခဲ့တဲ့ပွဲမှာပဲ ချယ်လ်ဆီးတို့က အနိုင်ရလဒ်ယူခဲ့ကာ သူတို့ရဲ့သန်မာမှုကို ပြသခဲ့ပါတယ်။ နော်ဝှစ်ချ်ကိုအဝေးကွင်းမှာ ၁-၃ နဲ့ အနိုင်ရရှိခဲ့တာြဖစ်ပြီး စိတ်ရှုပ်ထွေးစရာတွေ ကြားထဲကနေ နိုင်ပွဲတပွဲကို ပုံဖော်ခဲ့ပြီး အသင်းပရိသတ်တွေကို နှစ်သိမ့်ပေးနိုင်ခဲ့ပါတယ်။
အသင်းကို ဂျာစီစပွန်ဆာပေးထားတဲ့ ကုမ္ပဏီကပါ လက်တွဲဖြုတ်တော့မယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးက ဒီပွဲအတွက် အားနည်းမှုတွေရှိနေမယ်လို့ ထင်မှတ်ခဲ့ရပေမယ့်လည်း အကောင်းဆုံးတုံ့ပြန်ပြခဲ့တာလည်းဖြစ်ပါတယ်။ ကွင်းအတွင်းက သူတို့ ခြေစွမ်းအပေါ် ဘယ်လိုသက်ရောက်မှုမှမရှိဘူးဆိုတာကို သက်သေပြခဲ့ပြီး သတင်းဆိုးတွေကြားမှာ ကျေနပ်ဖွယ်ရလဒ်ဖြစ်ခဲ့ပါတယ်။
ဒီပြသနာတွေပြီးဆုံးဖို့က ဘယ်လောက်ရှည်ကြာနေမလဲဆိုတာ ခန့်မှန်းရခက်နေပြီး ရေရှည်မှာ အသင်းကို အနည်းနဲ့အများတော့ သေချာပေါက်ထိခိုက်လာဖို့ရှိနေပါတယ်။ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ထိခိုက်မှုတွေရှိလာမယ်လို့ အားလုံးက ယူဆနေခဲ့ကြပြီး လက်ရှိမှာတော့ ချယ်လ်ဆီးက သူတို့က ထင်သလောက်အားမပျော့ဘူးဆိုတာကို နိုင်ပွဲနဲ့အတူ ပြသသွားခဲ့ပါတယ်။