ပြီးခဲ့တဲ့ရာသီတုန်းက ချယ်လ်ဆီးဟာ ဘရိုက်တန်နောက်ခံလူ မာ့ခ်ကူကူရယ်လာကို ခေါ်ယူခဲ့ပြီး ဒီရာသီမှာတော့ နည်းပြဂရေဟမ်ပေါ်တာကို သောမတ်တူချယ်လ်နေရာအတွက် အစားထိုးခေါ်ယူခဲ့ပါတယ်။ ပေါ်တာနဲ့အတူ သူ့ရဲ့ နည်းပြအဖွဲ့ဝင် ၅ ဦးအထိ ချယ်လ်ဆီးကို ရောက်ရှိခဲ့ပြီး ဇန်နဝါရီစျေးကွက်အတွင်းမှာ ဘရိုက်တန်ကွင်းလယ်လူကိုင်ဆီဒိုကိုပါ ထပ်မံကြိုးစားခဲ့ပေမယ့် မအောင်မြင်လို့သာ ထပ်မခေါ်ယူနိုင်ခဲ့တာပါ။
ဒီလိုအနေအထားတွေနဲ့ပတ်သက်ပြီး ဘရိုက်တန်စီအီးအိုဖြစ်သူ ပေါလ်ဘာဘာက နောက်သလိုလို၊ အတည်ပြောသလိုလိုနဲ့ ချယ်လ်ဆီးကို လှောင်ပြောင်သွားခဲ့ပါတယ်။ Financial Times နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ချယ်လ်ဆီးက သူတို့အသင်းရဲ့ သန့်ရှင်းရေးသမားတွေကိုတောင် ခေါ်ယူနိုင်တယ်လို့ ဆိုခဲ့တာပါ။
"ချယ်လ်ဆီးဆီကနေ ဖုန်းဝင်လာတိုင်းမှာ ကျနော်ပျော်ရွှင်နေရတယ်၊ ကျနော်တို့ နည်းပြတွေအတွက် သူတို့ဆီက ဆက်သွယ်မှုတွေရောက်လာတယ်၊ အဲဒါနဲ့ ကျနော့်သန့်ရှင်းရေးဝန်ထမ်းတွေကိုတောင်မှ ပြောမိသေးတယ်၊ မင်းတို့ကိုလည်း ချယ်လ်ဆီးက သတိထားမိနေမလားတောင် မပြောတတ်ဘူးလို့လေ၊ ကျနော်တို့တွေသာ ကစားသမားအရောင်းအဝယ်ကို ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ယှဉ်ပြိုင်နိုင်တဲ့ အသင်းဖြစ်နေဦးမှာပါ"
"ဘောလုံးအသင်းအားလုံးက ဘာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်၊ ကျနော်တို့ကွင်းကိုရောင်းချတာ၊ ပြီးတော့ အကောင်းဆုံးစပွန်ဆာတွေရှာဖွေတာမျိုးတွေ လုပ်သင့်တယ်၊ ကျနော်တို့အတွက် ပရီးမီးယားလိဂ်ကရတဲ့ ဝင်ငွေက အရမ်းအရေးပါပါတယ်၊ ပိုင်ရှင်အတွက် အမြတ်အစွန်းရဖို့ ကျနော်တို့ လုပ်နိုင်တဲ့ တခုတည်းသောအရာက အရောင်းအဝယ်ကောင်းကောင်းလုပ်နိုင်ဖို့ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီးဟာ လက်ရှိမှာလည်း ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ကာ ဘရိုက်တန်ရဲ့ လက်ရှိနည်းပြရောဘတ်တိုဒီဇာဘီကို ခေါ်ယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပါသေးတယ်။ ဒီသတင်းကိုတော့ အတည်ပြုလို့မရသေးဘဲ ကောလဟလအဆင့်မှာသာရှိနေသေးတယ်လို့ ယူဆရပါတယ်။