ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းမှာ ပုံမှန် ကစားခွင့်မရတဲ့ ကစားသမားတွေအနေနဲ့ ဒီအသင်းဟာ ပရဟိတအသင်းတစ်သင်း မဟုတ်တဲ့အကြောင်း သတိပေးပြောကြားလိုက်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးရဲ့ ကစားသမားသစ်တွေဖြစ်တဲ့ အန်ကွန်ကူးနဲ့ လာဗီယာတို့က ဒဏ်ရာကနေ အသီးသီး ပြန်လည်သက်သာလာခဲ့ပါပြီ။
အန်ကွန်ကူးကလည်း ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ကာရာဘောင်ဖလားပွဲမှာ အသင်းအတွက် လူစားဝင်ကစားနိုင်ခဲ့ပါတယ်။ ကစားသမားအချို့ကတော့ သူတို့ ပွဲကစားခွင့်မရတဲ့အပေါ် အေးဂျင့်တွေ၊ မီဒီယာတွေကတစ်ဆင့် သွယ်ဝိုက်ထုတ်ဖော် ဆန့်ကျင်နေကြပြီး ဒီအပေါ်မှာ ပိုချက်တီနိုကလည်း တုံ့ပြန်လာခဲ့တာပါ။
ပိုချက်တီနိုက “ကစားသမားတွေအနေနဲ့ ကွင်းထဲဝင်ပြီဆိုတာနဲ့ အသင်းအတွက် ထိထိရောက်ရောက် လုပ်ပြနိုင်ဖို့ လိုအပ်တာကို သိထားရမှာပါ။ အခုက ရာသီကြိုကာလ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ခြေစွမ်းပြနိုင်သည်ဖြစ်စေ၊ မပြနိုင်သည်ဖြစ်စေ ပြဿနာမဟုတ်ဘူးလို့ ပြောနေလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က (၆) လလောက် အသင်းနဲ့ ဝေးကွာနေလို့ပါ”