ချဲလ်ဆီးမနိုင်တဲ့အပေါ် အလွန်ဆိုက မချင့်မရဲဖြစ်နေတာပါ။

ချဲလ်ဆီး နောက်ခံလူ မားကို့စ်အလွန်ဆိုက မနေ့ညက ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ချဲလ်ဆီးက ပိုမိုကောင်းမွန်တဲ့ အသင်းတသင်းဖြစ်ခဲ့ပြီး အနိုင်ရခဲ့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ အဝေးကွင်းမှာ သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။



 

ပထမပိုင်း ပွဲကစားချိန်အတွင်း ချဲလ်ဆီးတို့ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် ဟာဗက်ဇ် အဆုံးသတ်မသေချာခဲ့တာ၊ ဒီဂီယာ လက်စွမ်းပြခဲ့တာတွေကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး အလွန်ဆိုကလည်း ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုက ယူနိုက်တက်အတွက် ချက်ချင်းဆိုသလို ချေပဂိုးသွင်းယူခဲ့ပြီး ချဲလ်ဆီးအတွက် အနိုင်ဂိုးဖြစ်စေမယ့် ရီစီဂျိမ်းစ်ရဲ့ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။ ဒီပွဲအတွက်တော့ မားကို့စ်အလွန်ဆိုက မချင့်မရဲဖြစ်နေပြီး အခုလိုပဲ ပြောကြားလာပါတယ်။

အလွန်ဆိုက “ကျနော်တို့ အတော်လေး စိတ်ပျက်ရပါတယ်။ တပွဲလုံးမှာ ကျနော်တို့က ယူနိုက်တက်ထက် ပိုကောင်းခဲ့တာပါ။ ကျနော်တို့ အခွင့်အရေးတွေ အများကြီးရခဲ့တယ်၊ အခွင့်အရေးလည်း နည်းနည်းပဲ ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် တမှတ်ပဲရခဲ့ပါတယ်။ ဒါမျိုးကလည်း ဖြစ်နိုင်ပါတယ်”

“အရည်အချင်းလည်းရှိ၊ အခွင့်အရေးလည်းရှိခဲ့ပေမယ့် ကံကောင်းဖို့ နည်းနည်းလေး လိုအပ်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ တိုက်စစ်မှူးတွေက အကောင်းဆုံး စွမ်းဆောင်ပြခဲ့ကြပါတယ်။ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ် (၁၁၀) ရာခိုင်နှုန်းအထိ မျှော်လင့်ထားခဲ့ကြပြီး နောက်ဆိုရင်တော့ ဂိုးတွေ ပိုသွင်းနိုင်အောင် ကြိုးစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီရလဒ်ကြောင့် သူတို့ရဲ့ အမှတ်ပေးဇယား ရပ်တည်မှုကို ကြီးကြီးမားမား ထိခိုက်နိုင်ခြင်းမရှိဘဲ ယူနိုက်တက်အတွက်ကတော့ အရင်တည်းကဝေဝါးနေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က အဆုံးသတ်သလောက်ဖြစ်ခဲ့ရပါပြီ။ 

Share

Loading Next Article...
က္က