အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေဆဲပါ။

အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးကို အဝေးကွင်းမှာ ဂါဘရီရယ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ ပစ်မှတ်ထားနေပြီဖြစ်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲအပြီးမှာ အမှတ်ပေးဇယားအဆင့် (၁) နေရာမှာရှိနေပြီး ဒုတိယနေရာက မန်စီးတီးကို (၂) မှတ်ဖြတ်ထားပါတယ်။



ပွဲအပြီးမှာ အာတီတာက “ဒီနေ့မှာတော့ ကျနော်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ပါပြီ။ ဒါပေမယ့် ဘောလုံးလောကမှာ ဒီနေ့နဲ့ မနက်ဖြန်က အရမ်းကို ကွဲပြားခြားနားပါတယ်။ ဒီတော့ ပျော်ရမယ့်အချိန်မှာ ပျော်ရအောင်။ နောက်ဆုံး (၆) နှစ်အတွင်း မန်စီးတီးကို ကြည့်လိုက်ရင် သူတို့ရဲ့ စွမ်းဆောင်ရည်၊ ကမ္ဘာ့အကောင်းဆုံးနည်းပြ၊ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်နေပါတယ်”

“ပြိုင်ပွဲတိုင်းမှာ သူတို့က ဒါကို တည်ငြိမ်မှုရှိရှိနဲ့ ပြသထားပါတယ်။ ကျနော်တို့ ဒါကို အရမ်းအရမ်း လေးစားပါတယ်။ ကျနော်တို့လည်း အသင်းလိုက် ပိုမိုကောင်းမွန်လာပြီး၊ ပိုမို ကောင်းမွန်အောင် တိုက်ပွဲဝင်လာနိုင်ပါတယ်။ ချဲလ်ဆီးကိုနိုင်တာက ကျနော်တို့အတွက် ကြီမားတဲ့ နိုင်ပွဲဖြစ်ပြီး နောက်ထပ်ခြေလှမ်းတရပ်လို့ ကျနော်ထင်ပါတယ်”

“စတမ်းဖို့ဒ်ဘရစ်ချ်ကိုလာပြီး ထိပ်တန်းပြိုင်ဘက်နဲ့ ရင်ဆိုင်ရတယ်၊ ကွင်းထဲမှာ ကမ္ဘာ့အဆင့် ကစားသမားတွေရှိနေပြီး ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်၊ အနိုင်ယူနိုင်ခဲ့တာက တကယ်ကို အဓိပ္ပာယ်ပြည့်ဝပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမတိုင်ခင်မှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဝုလ်ဗ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ကြားရက်မှာတော့ ဘရိုက်တန်နဲ့ လိဂ်ဖလားပွဲကို ယှဥ်ပြိုင်ကစားရမှာပါ။

အာဆင်နယ်ဟာ ရာသီအစတည်းက တည်ငြိမ်တဲ့ခြေစွမ်းပိုင်းကို ပြသနိုင်ခဲ့ပြီး ကစားသမားတွေကလည်း ယုံကြည်ချက်မြင့်မားနေကြပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း အာဆင်နယ်က အုပ်စုပထမနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဒီရာသီ အာတီတာလက်ထဲက အာဆင်နယ်ကို မြင်တွေ့ရတာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာဖြစ်နေတာ အမှန်ပါပဲ။ 

Share

Loading Next Article...
က္က