မန်စီးတီး၊ လီဗာပူးလ်တို့ဆီက သင်ယူနိုင်ခဲ့ပြီးပြီလို့ ဂျရတ်က ဆိုပါတယ်။

အက်စတွန်ဗီလာအသင်းကို အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတသင်းဖြစ်လာအောင် ပြန်လည်တည်ဆောက်ပေးဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း နည်းပြဂျရတ်က ပြောဆိုလိုက်ပါတယ်။ ဗီလာနည်းပြဟာ လက်ရှိမှာတော့ ကိုဗစ်ကူးစက်ခံထားရလို့ အသင်းရဲ့ လာမယ့်ပွဲစဉ် ၂ ပွဲကို လွဲချော်တော့မှာဖြစ်ပြီး ကွာရန်တင်းဝင်နေတယ်လို့ သိရပါတယ်။ 

ဂျရတ်ဟာ အသင်းကို ၆ ပွဲကိုင်တွယ်ပေးထားပြီး ၄ ပွဲအထိအနိုင်ရအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကိုအင်အားတောင့်တင်းအောင် ပြင်ဆင်ဖို့ ဂျရတ်က ရည်ရွယ်ထားပြီး ချမ်းသာကြွယ်၀တဲ့အသင်းပိုင်ရှင်ဝက်စ်အီဒင်စ် နဲ့ နာဆက်ဖ်ဆာဝီရစ်တို့က သူ့ကိုကျောထောက်နောက်ခံပေးထားလို့ ပရိးမီးယားလိဂ်မှာ အင်အားကြီးထွားလာမယ်လို့လည်း သူက ယုံကြည်နေပါတယ်။ 

"ဗီလာက အသင်းကြီးတသင်းဖြစ်ပြီး ဒီအသင်းနည်းပြ၊ နည်းပြထိုင်ခုံမှာရှိခွင့်ရလို့ ကျနော်ဂုဏ်ယူမိပါတယ်၊ နေ့တိုင်းတိုးတက်လာဖို့၊ သန်မာလာဖို့ ကြိုးစားနေပြီး ကစားသမားတွေကလည်း အတတ်နိုင်ဆုံးကြိုးစားနေကြပါတယ်၊ တချို့အခြေအနေတွေမှာ ကျနော်တို့ ပိုပြီးကောင်းအောင် လုပ်နိုင်ဖို့ အသင်းလူစာရင်းကို ပိုသန်မာအောင်လည်း ကြိုးစားနေပါတယ်၊ အကောင်းဆုံးဖြစ်လာနိုင်တာအားလုံးကို လုပ်ဆောင်သွားမှာပါ"

"အသင်းလူစာရင်းသာ ကြံ့ခိုင်ပြီး ကောင်းမွန်နေမယ်၊ တနေရာ၊ နှစ်နေရာလောက်ဖြည့်တင်းလိုက်မယ်ဆိုရင် နေရာကောင်းတခုမှာရပ်တည်နိုင်မယ်လို့လည်း ထင်ပါတယ်၊ အတတ်နိုင်ဆုံး ကျနော်တို့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားအောင်လုပ်သွားမှာပါ" လို့ ဂျရတ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ကစားရမယ့်ပွဲနဲ့ပတ်သက်ပြီးတော့လည်း ဂျရတ်က "ကစားသမားတွေအကြောင်းကို ပိုပြီးလေ့လာလေလေ ပွဲစဉ်တွေက စိန်ခေါ်မှုတွေ ပိုများလာလေပါပဲ၊ အမှားတွေအများကြီးရှိခဲ့တာတောင်မှ လီဗာပူးလ်၊ မန်စီးတီးတို့ဆီကနေ ကျနော်တို့အများကြီးသင်ယူနိုင်ခဲ့ပါတယ်၊ ဒါကြောင့် ချယ်လ်ဆီးနဲ့ပွဲမှာ တူညီမှုရှိမှာမဟုတ်တော့ပါဘူး၊ အဲဒါသေချာပါတယ်" လို့ ထပ်ပြောသွားခဲ့ပါတယ်။ 

Share

က္က