မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နှစ်သင်းကြား ခြေစွမ်းကွာဟမှုရှိနေပမယ့် ဒီလောက်အထိ ဂိုးပြတ်သွားဖို့ကိုတော့ ပရိသတ်တွေ မမျှော်လင့်ထားတာ အမှန်ပါ။
ချဲလ်ဆီးဘက်က တိုက်စစ်ကစားသမား ကိုးလ်ပါးလ်မား အဖျားဝေဒနာကြောင့် မပါဝင်နိုင်ခဲ့တာကလည်း သူတို့ကို တော်တော်လေး အားနည်းစေခဲ့ပြီး တိုက်စစ်ပိုင်းက ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကိုတော့ ပွဲကစားချိန် (၄) မိနစ်ကတည်းက ထရော့ဆက်ဒ်က သွင်းယူခဲ့တာပါ။
ပထမပိုင်းမှာ တစ်ဂိုးတည်းနဲ့ ဦးဆောင်ထားတဲ့ အာဆင်နယ်တို့ ဒုတိယပိုင်းမှာတော့ ဘန်ဝှိုက်၊ ကိုင်ဟာဗက်ဇ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဂိုးမိုးရွာခဲ့ပါတယ်။ (၅) မိနစ်အတွင်းမှာပဲ ဘန်ဝှိုက်၊ ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ဆက်တိုက် ခွင့်ပြုခဲ့ရပြီး ချဲလ်ဆီးတို့ ဘယ်လိုမှ ပြန်တုံ့ပြန်နိုင်စွမ်း မရှိခဲ့ပါဘူး။
ဒါ့အပြင် နောက်ထပ် (၅) မိနစ်အတွင်းမှာပဲ သူတို့နှစ်ယောက်ရဲ့ သွင်းဂိုးနှစ်ဂိုးက အာဆင်နယ်ကို လန်ဒန်ဒါဘီမှာ ကြီးမားတဲ့ နိုင်ပွဲတစ်ပွဲ ရရှိစေခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ကတော့ အသင်းဟောင်း ချဲလ်ဆီးနဲ့တွေ့တဲ့ပွဲမှာ အာဆင်နယ် ကစားသမားဘဝ ပထမဆုံးအဖြစ် တစ်ပွဲတည်း နှစ်ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။
ချဲလ်ဆီးကလည်း လန်ဒန်ကလပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့နေရာမှာ သုံးဂိုးပြတ်ထက် ပိုမရှုံးနိမ့်ဖူးတဲ့ စံချိန်က အခု အာဆင်နယ်နဲ့ အတွေ့မှာ လုံးဝပျက်စီးခဲ့ရပါတယ်။ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုအတွက်လည်း ဒီပွဲရလဒ်က တော်တော်လေး ဖိအားများသွားစေမှာ သေချာပါတယ်။