ချဲလ်ဆီးနဲ့ဘာကာအကြား အပြောင်းအရွှေ့ပုံပြင်တွေက မပြီးဆုံးနိုင်ဖြစ်နေတာပါ။

ဘာစီလိုနာနဲ့ချဲလ်ဆီးတို့ရဲ့ ဒီနွေရာသီအပြောင်းအရွှေ့ပုံပြင်တွေကတော့ တော်တော်လေး စိတ်ဝင်စားစရာလို့ဆိုရမှာပါ။ ဒီနှစ်သင်းက ကစားသမား (၃) ယောက်အထိကို အကြိုက်တူခဲ့ပြီး ဒီအထဲမှာတော့ ဘာစီလိုနာရဲ့လုပ်ရပ်က ချဲလ်ဆီးအတွက် တော်တော်လေး ခံပြင်းစရာကောင်းနေပါတယ်။



ချဲလ်ဆီးဟာ ရာဖင်ဟာအတွက် လိဒ်စ်နဲ့ အစောကြီး ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဘာစီလိုနာကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လိဒ်စ်က သူတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ဘာစီလိုနာပေးချေနိုင်ဖို့အထိ စောင့်ဆိုင်းခဲ့ရပါတယ်။ နာပိုလီနောက်ခံလူ ကူလီဘလီရဲ့ ကိစ္စမှာတော့ ချဲလ်ဆီးက ဘာစီလိုနာထက် ပြတ်ပြတ်သားသား အသာရခဲ့ပါတယ်။

ဒါပေမယ့် ဆီဗီလာနောက်ခံလူ ကွန်ဒေးအတွက် ကြိုးစားမှုမှာလည်း ရာဖင်ဟာနဲ့ အလားတူ ထပ်ဖြစ်ခဲ့ရပါတယ်။ ကွန်ဒေးအတွက် ချဲလ်ဆီးနဲ့ဆီဗီလာတို့ သဘောတူညီမှုရရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က မပြတ်မသားနဲ့ နောက်ဆုံးမှာ ဘာစီလိုနာတသင်းတည်းက ဒီကစားသမားအတွက် ကျန်ရစ်တော့တာပါ။ နောက်ခံလူအသစ် လိုအပ်နေတဲ့ ချဲလ်ဆီးက ကွန်ဒေးရဲ့ တိတိကျကျမရှိတဲ့ ဆုံးဖြတ်ချက်ကို မစောင့်ဆိုင်းတော့ဘဲ နောက်ဆုတ်ခဲ့ပါတယ်။

ဒီနေရာမှာလည်း ဘာစီလိုနာက ကွန်ဒေးကို ခေါ်ယူနိုင်သည့်တိုင် နောက်ထပ် ချဲလ်ဆီးကစားသမားကို ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်ထားပါတယ်။ ဘာစီလိုနာဟာ အက်ဇ်ပီလီကွီတာကို သေချာပေါက် ခေါ်ယူမယ်လို့ ကစားသမားနဲ့ တိုက်ရိုက်ကတိပေးထားပြီး ကွန်ဒေးရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ပြီးတဲ့အခါမှာ အက်ဇ်ပီလီကွီတာကို ကြိုးစားလာဖွယ်ရှိပါတယ်။

ဘာစီလိုနာဟာ လက်ရှိနွေရာသီမှာ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။ အခုတခါမှာလည်း အက်ဇ်ပီလီကွီတာအတွက် ကြိုးစားဦးမှာဖြစ်ပြီး အလွန်ဆိုကလည်း ဘာစီလိုနာပစ်မှတ်ထားနေဆဲ ကစားသမားတယောက်ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က