ချယ်လ်ဆီးက သူ့ကိုပြန်လည်ခေါ်ယူခွင့်သဘောတူညီချက် ရှိပါတယ်။

ရိုးမားမှာ ခြေစွမ်းပြကစားနေတဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်းအေဘရာဟမ်က သူ့အနေနဲ့ အသင်းဟောင်းဆီ​ ပြန်ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ အေဘရာဟမ်ဟာ ပြီးခဲ့တဲ့နွေရာသီက ချယ်လ်ဆီးကနေ ရိုးမားကို​ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မော်ရင်ဟိုရဲ့လက်အောက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်စစ်မှူးအဖြစ်ရှိနေခဲ့ပါတယ်။ 

ရိုးမားအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယူရိုပါကွန်ဖရင့်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရိုးမားဆီ အေဘရာဟမ်ကို ရောင်းချခဲ့စဉ်က ပြန်လည်ခေါ်ယူခွင့်သဘောတူညီချက်ပါဝင်ခဲ့ပြီး လက်ရှိမှာ တိုက်စစ်မှူးလိုအပ်ချက်ရှိနေတဲ့ ချယ်လ်ဆီးက သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူမယ်ဆိုရင် လန်ဒန်ကို ပြန်မှာလားလို့ Corriere dello Sport က မေးမြန်းခဲ့ပါတယ်။

အေဘရာဟမ်က "မပြန်ဘူး၊ ရိုးမားကိုစရောက်တဲ့ ပထမဆုံးနေ့မှာကတည်းက ကျနော့်အိမ်လိုခံစားခဲ့ရတာပါ၊ ပရီးမီးယားလိဂ်ကို အလျင်စလိုနဲ့မပြန်ဘူး၊ ဒီမှာ ကျနော့်ကစားပုံကိုကောင်းကောင်းလုပ်ပြနိုင်တယ်၊ အီတလီမှာ ကျနော်ပျော်တယ်၊ ချယ်လ်ဆီးက ထွက်ခဲ့တာကိုလည်း နောင်တမရဘူး၊ တစက္ကန့်လေးမှအတွက်တောင် နောင်တမရပါဘူး၊ ရိုးမားကို ရွေးချယ်ခဲ့တာက ကျနော့်ဘ၀မှာ ဆုံးဖြတ်ခဲ့သမျှထဲ အကောင်းဆုံးနဲ့အမှန်ကန်ဆုံးပါ" လို့ပြောဆိုခဲ့ပါတယ်။ 

ဒီရာသီမှာ ရိုးမားကို ဒီဘာလာက ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။ ဂျူဗီနဲ့ စာချုပ်သက်တမ်းပြည့်သွားခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနားသားက အလွတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ ရောက်လာတဲ့အပေါ်မှာ မနာလိုဝန်တိုမှုတွေဖြစ်မိလားဆိုတဲ့ မေးခွန်းကိုလည်း အေဘရာဟမ်က "မဖြစ်ပါဘူး၊ ဘုရင်နှစ်ယောက်ဖြစ်လာတာပေါ့၊ မဟုတ်ဘူးလား၊ အသင်းမှာ ဒီလိုအဆင့်ရှိတဲ့ ကစားသမားတယောက်ရှိတာက ကျနော်တို့အတွက် အခွင့်ထူးပါ" လို့ ပြောဆိုခဲ့ပါတယ်။ 


အေဘရာဟမ်ကတော့ မော်ရင်ဟိုရဲ့ လက်စွဲတော်တိုက်စစ်မှူးဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မော်ရင်ဟိုရဲ့ ဦးစားပေးမှုကို ရိုးမားမှာ ရရှိနေခဲ့သူလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က