ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးတို့ အနိုင်ရရှိခဲ့တာပါ။

နှစ်သင်းလုံးကတော့ အတောင့်တင်းဆုံးလူစာရင်းနဲ့ပဲ အက်ဖ်အေဖလားဗိုလ်လုပွဲကို ရင်ဆိုင်လာခဲ့ပါတယ်။ ချဲလ်ဆီးက နောက်တန်းမှာ ချာလိုဘာ့ဂ်၊ ကွင်းလယ်မှာ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုနဲ့ တိုက်စစ်မှာတော့ ကိုင်ဟာဗက်ဇ် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ လူကာကူ၊ မေဆင်မောင့်၊ ပူလီဆစ်တို့ ပွဲထွက်ခဲ့ပါတယ်။ လီဗာပူးကလည်း မာနေး၊ ဆာလာ၊ ဒီယက်ဇ်တို့နဲ့အတူ ရှေ့လယ်နောက် လူစုံခဲ့ပါတယ်။



ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာတင် ဆာလာ ဒဏ်ရာရသွားခဲ့တာက လီဗာပူးအတွက် နစ်နာစရာဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲစုံမှာ စစ်မျက်နှာစုံဖွင့်ထားရချိန် ဆာလာရဲ့ ဒဏ်ရာမပြင်းထန်ဖို့ပဲ ဆုတောင်းရမှာပါ။ ပွဲစတာနဲ့ လီဗာပူးက ဂိုးရနိုင်တဲ့ အခွင့်အရေးတွေရှိခဲ့ပြီး ဒီယက်ဇ် မန်ဒီနဲ့ တယောက်ချင်းတွေ့တဲ့ အခွင့်အရေးအပါအဝင် လီဗာပူးဘက်က ဂျိုတာတို့ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ရပါတယ်။

အထူးသဖြင့် ဒီယက်ဇ်ကို ချဲလ်ဆီးညာခြမ်းက ရီစီဂျိမ်းစ်၊ ချာလိုဘာ့ဂ်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး မကြာခဏဆိုသလို ဒီယက်ဇ်လွတ်လွတ်ထွက်သွားတာလည်း မြင်တွေ့ခဲ့ရပါတယ်။ ချဲလ်ဆီးကလည်း ပူလီဆစ်၊ အလွန်ဆိုတို့ အပိုင်အခွင့်အရေးတွေ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ လီဗာပူးအထနှေးတာကို ချဲလ်ဆီးတို့ အခွင့်ကောင်းယူခဲ့ပြီး ကိုဗာဆစ်ရဲ့ ကန်ချက်ကို အယ်လစ်ဆန် လက်စွမ်းပြခဲ့ရသလို အလွန်ဆိုရဲ့ ဖရီးကစ်ကလည်း ဘားတန်းထိထွက်ခဲ့ပါတယ်။ လီဗာပူးက ဒီယက်ဇ်၊ ဂျိုတာတို့ ကန်ချက်တွေကောင်းခဲ့ပေမယ့် ဂိုးပေါက်မတည့်ခဲ့တာကြောင့် ချဲလ်ဆီး သက်သာရာရခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ ပထမပိုင်းကထက် ပိုမိုကြည့်ကောင်းလာခဲ့ပါတယ်။

လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ချဲလ်ဆီး နောက်တန်းက ချာလိုဘာ့ဂ်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါတို့ အမှားအယွင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန် မိနစ် (၈၀) နောက်ပိုင်းမှာ ဒီယက်ဇ်၊ ရော်ဘတ်ဆန်တို့ နှစ်ကြိမ်ဆက်တိုက် တိုင်ထိခဲ့တာက လီဗာပူးအတွက် တော်တော်လေး နစ်နာရသလို ချဲလ်ဆီးအတွက်လည်း တော်တော်လေး ကံကောင်းခဲ့ပါတယ်။

ဒီလိုနဲ့ပဲ မိနစ် (၉၀) လုံးလုံးဂိုးမရခဲ့ကြလို့ အချိန်ပို (၁၅) မိနစ်စီ ဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာလည်း နှစ်သင်းလုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ကာရောဘောင်ဗိုလ်လုပွဲလိုပဲ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီပထမငါးလုံး အဆုံးအဖြတ်မှာတော့ ချဲလ်ဆီးဘက်က အက်ဇ်ပီလီကွီတာ တိုင်ထိခဲ့ပြီး လီဗာပူးဘက်က မာနေးရဲ့ အဆုံးအဖြတ်ပင်နယ်တီကို တနိုင်ငံတည်းသားချင်း မန်ဒီ ကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မေဆင်မောင့်ရဲ့ကန်ချက်ကို အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးက ချဲလ်ဆီးကို ၆-၅ ဂိုးနဲ့ အနိင်ရရှိကာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကတော့ ကာရာဘောင်ဖိုင်နယ်က ပင်နယ်တီရှုံးကြွေးထပ်တင်ခဲ့တာဖြစ်ပြီး လီဗာပူးကတော့ သူတို့ရဲ့ ဖလားလေးလုံးမျှော်လင့်ချက်မှာ နှစ်လုံးကိုတော့ အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က