နောဝစ်ချ် စီးတီးပရိသတ်တွေဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ကွင်းလယ်ကစားသမား ဘီလီ ဂီးလ်မိုးကို ချဲလ်ဆီးကို ပြန်သွားစမ်းလို့ ကြွေးကြော်ပြီး ၎င်းတို့ရဲ့ စိတ်မကျေနပ်မှုကို ထုတ်ဖော်ခဲ့ကြပါတယ်။
အသက် ၂၀ အရွယ် စကော့တလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ချဲလ်ဆီးအသင်းကနေ တစ်ရာသီအငှားနဲ့ နောဝစ်ချ်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီ ယူရိုပြိုင်ပွဲမှာ အထင်ကြီးဖွယ်ခြေစွမ်းပြခဲ့တဲ့ ဘီလီ ဂီးလ်မိုးဟာ နောဝစ်ချ်အတွက် ၁၄ ပွဲ ပါဝင်ကစားပေးထားပြီး အသင်းနဲ့ လျင်လျင်မြန်မြန်ပဲ အသားကျခဲ့တာကြောင့် နည်းပြဟောင်း ဒန်နီရယ် ဖာကယ်ဆီကနေ ချီးကျူးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂါနေ့ညနေမှာတော့ နောဝစ်ချ်ပရိသတ်အချို့ဟာ ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပါရမီရှင် ကွင်းလယ်ကစားသမားကို ကြမ်းကြမ်းတမ်းတမ်းပဲ ကြွေးကြော်အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။ နောဝစ်ချ်စီးတီးအသင်း ပရိသတ်တော်တော်များများဟာ နောက်ထပ် ရှုံးပွဲ ထပ်မံကြုံတွေ့ခဲ့ကြတာကြောင့် ချဲလ်ဆီးအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဘီလီ ဂီးလ်မိုးကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
Football Scotland ဆောင်းပါးရှင် မာ့ခ် မက်ဒူးဂယ်လ်က "နောဝစ်ချ်ပရိသတ်တွေက သူတို့ရဲ့အသင်းက အကောင်းဆုံးကစားသမားကို မောင်းထုတ်ချင်နေကြတယ်။ ခင်ဗျားတို့ရဲ့ လူစာရင်းမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ အရည်အချင်းမရှိတဲ့အသင်း ပျော်ပျော်ကြီးဖြစ်လာချင်တဲ့ ခင်ဗျားတို့ရဲ့ ပိုင်ရှင်တွေအတွက် ဘီလီ ဂီးလ်မိုးကို အပြစ်မတင်ကြနဲ့။ တော်တော်ထူးဆန်းတဲ့ ပရိသတ်တွေ"လို့ ရေးသားခဲ့ပါတယ်။