ချယ်လ်ဆီးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ စပါးအတွက် အဖိုးတန်ချေပဂိုးကို နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ တိုက်စစ်မှူးဟယ်ရီကိန်းက သွင်းယူပေးခဲ့ပါတယ်။ ပွဲကောင်းတပွဲဖြစ်ခဲ့သလို နှစ်ဖက်နည်းပြတွေရဲ့ အချင်းများမှုကြောင့်လည်း ရုပ်လုံးပိုကြွခဲ့တဲ့ လန်ဒန်ဒါဘီက ဒီတပတ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတပွဲဖြစ်ခဲ့ပြီး နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ ဖျော်ဖြေမှုပေးနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းဂိုးမသွင်းခင်မှာ ချယ်လ်ဆီးနောက်ခံလူ ကူကူရယ်လာရဲ့ ဆံပင်ကို စပါးနောက်ခံလူရိုမဲယိုက ဆွဲခဲ့လို့ ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း စောဒကတက်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်အန်သိုနီတေလာကတော့ ဂိုးပေးခဲ့ပါတယ်။ လာမယ့် ချယ်လ်ဆီးအသင်းပွဲစဉ်တွေမှာ တေလာကို တာဝန်မပေးဖို့အတွက် ချယ်လ်ဆီးနည်းပြတူချယ်လ်ကတောင်မှ တောင်းဆိုခဲ့ရတဲ့အထိပါပဲ။
ဒီပွဲအပြီး အင်တာဗျူးမှာတော့ ဟယ်ရီကိန်းတယောက် သူတို့အသင်းက ချယ်လ်ဆီးကို အနိုင်ရခဲ့တယ်လို့ အထင်မှားသွားခဲ့ပါတယ်။ အင်တာဗျူးမှာ "နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူရတာက အမြဲတမ်းမိုက်တယ်၊ ဒါကြောင့်လည်း ဒီရမှတ်အတွက်လည်း ပျော်တယ်လို့ ခံစားရပါတယ်" လို့ မှားယွင်းပြောဆိုခဲ့ပြီး အင်တာဗျူးတဲ့သူက သရေကျခဲ့တယ်လို့ သတိပေးခဲ့တဲ့အခါမှ "အိုး ဟုတ်သားပဲ။ တခါတလေ အဲလိုပဲ ဖြစ်ဖြစ်နေတာ" လို့ ကိန်းက ထပ်ပြောခဲ့ရပါတယ်။
အကြိတ်အနယ်ရှိပြီး ပွဲကောင်းတပွဲဖြစ်ခဲ့ကာ ကိုယ်တိုင်ကလည်း ဂိုးသွင်းယူနိုင်ခဲ့လို့ ဟယ်ရီကိန်းက စပါးအနိုင်ရတယ်လို့ ထင်မှတ်ခဲ့ပုံရပါတယ်။ ကိန်းကတော့ လန်ဒန်ဒါဘီပွဲတွေမှာ အွန်နရီပြီးရင် ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေခဲ့သလို ပရီးမီးယားလိဂ်မှာလည်း မိနစ် ၉၀ နောက်ပိုင်း သွင်းဂိုး ၁၃ ဂိုးအထိ ရရှိထားကာ ဂျာမိန်းဒီဖိုးရဲ့ ၁၅ ဂိုးပြီးရင် ဒုတိယနေရာမှာ ရှိနေပြီး ပွဲချိန်နောက်ပိုင်းတွေမှာ ဂိုးမြူးလေ့ရှိတဲ့သူလို့ ဆိုရပါမယ်။