ချဲလ်ဆီးရဲ့နိုင်ပွဲက ကံဇာတာဖေးမမှုကြောင့်လို့ဆိုနိုင်ပြီး ဘရန့်ဖို့ဒ်အတွက်တော့ တော်တော်လေး နစ်နာခဲ့တဲ့ရှုံးပွဲပါပဲ။

ဘရန့်ဖို့ဒ်က သူတို့ရဲ့ အကောင်းဆုံးပုံစံကို ဒီပွဲမှာလည်း ဆက်လက်ပြသခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လီဗာပူးနဲ့သရေကျခဲ့တဲ့ပွဲမှာ ပြောခဲ့သလိုပဲ နောက်တန်းက အာရုံစူးစိုက်မှုတစ်ချက် တစ်ချက် လွတ်သွားတယ်ဆိုတာပေါ့။



အခု ဒီပွဲမှာ သူတို့ဒီပုံစံအတိုင်း ထပ်ဖြစ်ခဲ့တယ်။ အသင်းက ပထမပိုင်းတစ်ပိုင်းလုံးအပြင် တစ်ပွဲလုံး အကောင်းဆုံး တုံ့ပြန်ခဲ့ပြီးမှ ပထမပိုင်းပြီးခါနီး အချိန်လေးတစ်ချက်မှာ သတိလက်လွတ်ဖြစ်ခဲ့တာကြောင့် ဂိုးပေးလိုက်ရတယ်။ ဒီဂိုးကလည်း ပွဲရဲ့အဆုံးအဖြတ်ဖြစ်ခဲ့တယ်။

နှစ်သင်းလုံးကစားခဲ့တဲ့ အနေအထားအရ ဒီပွဲက ဒီထက်ပိုပြီး သွင်းဂိုးတွေမြင်တွေ့သင့်တဲ့ပွဲပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီရလဒ်နဲ့ပွဲပြီးခဲ့တယ်။

အနည်းဆုံးတော့ ဘရန့်ဖို့ဒ်က ဂိုးရသင့်သလို သရေရလဒ်နဲ့ထိုက်တန်ပြီး ချဲလ်ဆီးကလည်း အခုထက် ဂိုးတွေပိုရခဲ့သင့်တယ်။

ဒါပေမယ့်လည်း တန်းတက်အသင်းဆိုတာထက်ကို ပိုတဲ့ သောမတ်စ်ဖရန့်ရဲ့ဒီအသင်းက ထိပ်တန်းအသင်းတွေကို တူတူတန်တန် ယှဥ်ကစားနိုင်တဲ့အသင်းဆိုတာကို ဆက်တိုက်သက်သေပြခဲ့တယ်။

ချဲလ်ဆီးကနောက်တန်း (၃) ယောက်တန်းမှာ မီလန်ဆား၊ ခရစ္စတန်ဆန်၊ ချာလိုဘာတို့ ပါဝင်လာခဲ့ပြီး ဒါကပုံမှန်အားဖြင့်ဆိုရင် အန္တရာယ်များပါတယ်။ အန္တရာယ်များတဲ့အခြေအနေတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပြီး ဘရန့်ဖို့ဒ်တို့ ဂိုးကံခေခဲ့တာကြောင့်သာ ချဲလ်ဆီးတို့ သက်သာခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် ဒီနောက်တန်း (၃) ယောက်နဲ့ ဘရန့်ဖို့ဒ်ကွင်းမှာ ဂိုးမပေးခဲ့ရတာက အပေါင်းလက္ခဏာဆောင်တဲ့ ကိစ္စဖြစ်ပြီး ကံကောင်းခဲ့တယ်လည်းပြောရမယ်။ ချဲလ်ဆီးတိုက်စစ်က ရလာတဲ့ အခွင့်အရေးအချို့ကို အပိုင်အသုံးမချနိုင်ခဲ့တာကြောင့်လည်း ပွဲပြီးခါနီး နောက်ဆုံးမိနစ်တွေမှာ အသည်းအသန်ရုန်းကန်ခဲ့ရတယ်။

ပွဲပြီးဖို့ နီးလာလေလေ ရင်ခုန်စရာပိုကောင်းလေလေဖြစ်ခဲ့ပြီး လီဗာပူးနဲ့ပွဲကလို နောက်ကျချေပဂိုးများမြင်ရမလားလို့ ထင်ရလောက်အောင် ဘရန့်ဖို့ဒ်တို့ အသည်းအသန်ဖိကစားခဲ့ပေမယ့် ဂိုးကံခေခဲ့တဲ့အပြင် ဒီပွဲရဲ့ Man of the Match လို့ပြောရမယ့် မန်ဒီလက်စွမ်းပြနိုင်ခဲ့တာ၊ နောက်တန်းမှာ ဟာကွက်တွေရှိခဲ့သည့်တိုင် အမှားအယွင်းကြီးတွေမဖြစ်ခဲ့တာ၊ အချိန်မှီအဖတ်ဆယ်နိုင်ခဲ့တာတွေကြောင့် ချဲလ်ဆီးတို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

Share

က္က