ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့မိတာပါ။

ဘီဘီစီသတင်းဌာနဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်တယောက် မုဒိမ်းမှုနဲ့ ရင်ဆိုင်နေရတဲ့သတင်းကို တင်ဆက်တဲ့နေရာမှာ စတာလင်ရဲ့ပုံကို မှားယွင်းဖော်ပြခဲ့မိတဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ မြောက်လန်ဒန်ကလပ်က ကစားသမားတယောက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ မုဒိမ်းမှု (၃) မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။



ဒီကစားသမားဟာ ပြီးခဲ့တဲ့ဇွန်အတွင်း အမျိုးသမီးတယောက်ကို မုဒိမ်းမှုကျူးလွန်ခဲ့တာဖြစ်ပြီး ဒီအမှုကိုစစ်ဆေးရင်းနဲ့ ပြီးခဲ့တဲ့ (၂၀၂၁) က အခြားသောအမျိုးသမီးတယောက်အပေါ် ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှု (၂) မှုပါ ဆက်လက်ပေါ်ပေါက်ခဲ့တာပါ။ ဥပဒေကြောင်းအရ ဒီကစားသမားရဲ့နာမည်၊ မိခင်ကလပ်အသင်းနာမည်တို့ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။

မနေ့ကမနက်ပိုင်းမှာ ဘီဘီစီရဲ့ အားကစားသတင်းကဏ္ဍအဖြစ် ဒီမုဒိမ်းမှုအကြောင်းကို အားကစားအစီအစဥ်တင်ဆက်သူ မိုက်ခ်ဘူရှယ်လ်က တင်ဆက်နေချိန်မှာ သူ့ရဲ့နောက်က ဖန်သားပြင်မှာ ချဲလ်ဆီးဂျာစီဝတ်ဆင်ထားတဲ့ စတာလင်ရဲ့ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းပညာပိုင်းအရ အမှားအယွင်းတခုသာဖြစ်ခဲ့ပါတယ်။


နောက်ဆက်တွဲဆက်လက်တင်ဆက်တဲ့ အစီအစဥ်တင်ဆက်သူကလည်း ဒါဟာ နည်းပညာပိုင်းအရ အမှားအယွင်းသာဖြစ်ကြောင်း၊ စတာလင်က ဒီအမှုမှာ လုံးဝပတ်သက်မှုမရှိကြောင်းနဲ့ သူတို့ရဲ့ အမှားအယွင်းအတွက် တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်တမ်းမှာလည်း မြောက်လန်ဒန်ကလပ်အသင်းဆိုတာက စတာလင်ရဲ့ အသင်းဟောင်းမန်စီးတီးရော၊ လက်ရှိအသင်း ချဲလ်ဆီးရောမဖြစ်နိုင်ပါဘူး။

စတာလင်ဟာ လက်ရှိအချိန်မှာ ချဲလ်ဆီးနဲ့အတူ အမေရိကန်ကိုရောက်ရှိနေပြီး အမှုစွပ်စွဲခံထားရတဲ့ ကစားသမားကတော့ အာမခံနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့အပေါ် စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကိုတော့ ကစားသမားဘက်က ငြင်းဆိုထားတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးက အဆိုပါကစားသမားရဲ့ မိခင်ကလပ်ဘက်ကလည်း လက်ရှိဖြစ်စဥ်တွေအပေါ် မှန်ကန်မှုရှိကြောင်း အတည်ပြုပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က