ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပေါ်လာအပြီးမှာ အခုလိုတွေဖြစ်လာခဲ့တာပါ။

ချယ်လ်ဆီးကို ဝယ်ယူခဲ့ပြီး ထိပ်တန်းအသင်းကြီးတသင်းဖြစ်လာအောင် တည်ဆောက်ပေးခဲ့ကာ အောင်မြင်မှုတွေအများအပြားရရှိအောင် အဓိကနေရာကနေ ထောက်ပံ့ပေးခဲ့တဲ့ ရုရှားလူမျိုးသူဌေးရိုမန်အေဘရာမိုဗစ်က အသင်းကို ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေထင်ကြေးပေးဖော်ပြခဲ့တာတွေကို ကျနော် ပြောကြားချင်ပါတယ်၊ ကျနော်အရင်က ပြောခဲ့သလိုပဲ၊ အသင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရမယ်ဆိုရင် အသင်းအကျိုးရှိစေမယ့် ဆုံးဖြတ်ချက်တွေကိုပဲ အမြဲချမှတ်ခဲ့တာပါ၊  ဒါကြောင့် လက်ရှိအခြေအနေမှာ အသင်းကို ရောင်းချဖို့ ကျနော်ဆုံးဖြတ်လိုက်ပါပြီ၊ ဒီဆုံးဖြတ်ချက်က ဝန်ထမ်းတွေ၊ အသင်း၊ ပရိသတ်တွေအပြင် စပွန်စာတွေ၊ စီးပွားဖက်အတွက် အကျိုးရှိမယ်လို့ ကျနော်ယုံကြည်ပါတယ်"

"မြန်မြန်ဆန်ဆန်ကြီးရောင်းချမှာမဟုတ်သလို ချမှတ်ထားတဲ့အစီအစဉ်အတိုင်း ပြုလုပ်သွားမှာပါ၊ အသင်းက ကျနော့်ကိုပေးရမယ့်အကြွေးတွေကိုလည်း ပြန်ဆပ်ဖို့တောင်းဆိုမှာမဟုတ်ပါဘူး၊ ဒီအသင်းကို ကျနော်ဝယ်ခဲံတာ စီးပွားရေးလုပ်ဖို့၊ ငွေရှာဖို့မဟုတ်ပါဘူး၊ အသင်းနဲ့ ဘောလုံးအတွက် ဖြူစင်တဲ့စိတ်နဲ့ ဝယ်ခဲ့တာပါ၊ ဒါကြောင့်လည်း ဒီရောင်းချမှုတွေကနေ ရရှိမယ့် အမြတ်တွေအားလုံးကို ပရဟိတဖောင်ဒေးရှင်းတခုတည်ထောင်ဖို့ ကျနော်ညွှန်ကြားထားပါတယ်"

"ဒီဖောင်ဒေးရှင်းက ယူကရိန်းမှာ စစ်ဘေးဒဏ်သင့်နေတဲ့ သူတွေအားလုံးအတွက်လည်း အကျိုးရှိမှာပါ၊ အဲဒီထဲမှာ ဒုက္ခသည်တွေရဲက အရေးပေါ်လိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်မယ့် အရေးပေါ်ရံပုံငွေထောက်ပံ့တာ၊ ပြန်လည်ထူထောင်ရေးအတွက် ရေရှည်ပံ့ပိုးပေးနိုင်မယ့် ထောက်ပံ့မှုတွေပါဝင်ပါတယ်၊ ရောင်းချဖို့အတွက်ဆိုတာက အရမ်းခက်ခဲလွန်းပါတယ်၊ ဒီလိုလမ်းခွဲရတာကလည်း နာကျင်ရပါတယ်"

"ဒါပေမယ့် အသင်းအတွက်အကျိုးရှိစေမယ်ဆိုတာကိုတော့ ယုံကြည်ပါတယ်၊ အားလုံးကိုနှုတ်ဆက်နိုင်ဖို့အတွက် စတန်းဖို့ဒ်ဘရစ်ချ်ကို နောက်ဆုံးအကြိမ်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်၊ ချယ်လ်ဆီးရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရတာက တသက်တာအခွင့်ထူးဖြစ်ပြီး အားလုံးရဲ့ပူးပေါင်းမှုအတွက်လည်း ဂုဏ်ယူခဲ့ရပါတယ်၊ ချယ်လ်ဆီးအသင်းနဲ့ ပရိသတ်တွေက ကျနော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ" လို့ ကြေညာချက်မှာ ပြောဆိုရေးသားထားပါတယ်။

မိုဗစ်ဟာ ချယ်လ်ဆီးကို ၂၀၀၃ မှာ ဝယ်ယူခဲ့ပြီး သူ့လက်ထက် ၁၉ နှစ်တာကာလအတွင်း ချယ်လ်ဆီးက ဆုဖလားပေါင်း ၂၁ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကလပ်အသင်းတသင်းအနေနဲ့ ရနိုင်သမျှဆုဖလားအားလုံးကို ချယ်လ်ဆီးက ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိမှာ ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က