ချဲလ်ဆီးကို ရောင်းဖို့ သေချာသလောက်ရှိတဲ့နေ့မှာ မိုဗစ်ချ်တယောက် ဆန်ရှင်ထိခဲ့တာပါ။

တူရကီ သူဌေးတယောက်ဖြစ်တဲ့ မာရှန်ဘေရက်ခ်ဟာ ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဆန်ရှင်ချတဲ့နေ့မှာတင် အသင်းကို အပြီးသတ် ဝယ်ယူဖို့ နီးစပ်နေတဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ မနေ့ကပဲ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်က ရုရှားသူဌေး အေဘရာမိုဗစ်ချ်ကို ဗြိတိန်လာရောက်ခွင့်ပိတ်ပင်ခြင်း၊ ဗြိတိန်ဒေသတွင်းမှာရှိတဲ့ အေဘရာမိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခြင်းဖြင့် အရေးယူပိတ်ဆို့ခဲ့ပါတယ်။ 



ဒါက ချဲလ်ဆီးအပေါ် ကြီးကြီးမားမားထိခိုက်ခဲ့ပြီး လက်ရှိအချိန်မှာ လန်ဒန်မြို့ခံကလပ်အသင်းက အခက်အခဲတွေကြားထဲ ရောက်ရှိသွားခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ဒီဖြစ်ရပ်တွေမတိုင်ခင်တည်းက ချဲလ်ဆီးကို ပေါင် (၃) ဘီလီယံနဲ့ ရောင်းချဖို့ အရောင်းစာရင်းတင်ထားခဲ့တာပါ။ ချဲလ်ဆီးကို ဝယ်ယူဖို့ နာမည်ကျော်သူဌေးပေါင်းများစွာနဲ့ သတင်းထွက်ခဲ့ပေမယ့် အေဘရာမိုဗစ်ချ်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ တူရကီသူဌေး ဘေရက်ခ်ကသာ ချဲလ်ဆီးကို ပေါင် (၂.၅) ဘီလီယံဝန်းကျင်နဲ့ ဝယ်ယူဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ဘေရက်ခ်က အခုလိုပဲ ပြောပြခဲ့ပါတယ်။ 

ဘေရက်ခ်က “ကျနော်တို့အရောင်းအဝယ်အတွက် အဆင့်တခုကို ရောက်နေပြီဗျ။ ကျနော့်ရှေ့နေနဲ့ ဘဏ္ဍာရေးအဖွဲ့က ကြာသပတေးနေ့ (မနေ့) က လန်ဒန်မှာ သူတို့ဘက်က အဖွဲ့တွေနဲ့ စကားပြောဖို့ စီစဥ်ထားတာပါ။ နောက်ပြီး ကျနော်တို့ အချင်းချင်းကြား သဘောတူညီမှုတခုရဖို့ ပြင်ဆင်ခဲ့ပါတယ်။ လူတွေကလည်း ဒီအကြောင်းတွေပြောနေကြပါပြီ။ ကျနော်တို့ရဲ့ အရောင်းအဝယ်ကိစ္စကလည်း တိုးတက်နေပြီးသားပါ။ အရောင်းအဝယ်ကိစ္စအပြီးသတ်ဖို့က (၉၀) ရာခိုင်နှုန်းလောက်ကို သေချာနေတာ။ အေဘရာမိုဗစ်ချ်လည်း ဒီလိုပဲ စဥ်းစားပါလိမ့်မယ်”

“ကိန်းဂဏန်းအတိအကျတော့ ကျနော်မပြောလိုပါဘူး။ ကျနော်တို့ အရောင်းအဝယ်ကို ကောင်းကောင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ တချို့တွေက တူရကီသူဌေးတယောက်က အင်္ဂလန်မှာ အသင်းပိုင်ရှင်ဖြစ်လာမှာကို မလိုလားပါဘူး။ အဲ့ဒါကြောင့် ကျနော်တို့ လျှို့ဝှက်ဆောင်ရွက်ခဲ့ပါတယ်"

"ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာမယ်၊ နောက်တပတ်မှာ အရောင်းအဝယ်ကိစ္စ၊ လက်လွှဲယူမှုတွေ အပြီးသတ်မယ်လို့ ကျနော်တို့ စီစဥ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အခြေအနေတွေက လုံးဝပြောင်းလဲသွားပါပြီ။ ကျနော်လည်း တော်တော်လေး စိတ်ဓာတ်ကျနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက အသင်းရောင်းချခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ရောင်းချခွင့်ပြန်ပေးခဲ့မယ်ဆိုရင်တောင် ဗြိတိန်အစိုးရရဲ့ စောင့်ကြည့်မှုအောက်ကတဆင့်သာ ခက်ခက်ခဲခဲ လုပ်ဆောင်ရဖွယ်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က