ဂျက်ဆင်ကတော့ အခွင့်အရေးတွေကို လွဲချော်ခဲ့သေးတာပါ။

ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလပ်စ်ဂျက်ဆင်ဟာ မနေ့ညက အာဆင်နယ်ကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် အပိုင်အခွင့်အရေးအချို့ကို ဖြုန်းတီးပစ်ခဲ့ပြန်ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှာ ပါးလ်မား မပါဝင်တာကြောင့် အားနည်းခဲ့ရပြီး ဂျက်ဆင်တို့အုပ်စုနဲ့ ပွဲထွက်ခဲ့ရတာပါ။



မူဒရစ်ခ်၊ ဂယ်လာဂါ၊ မာဒူအီကီနဲ့ ဂျက်ဆင်တို့ တိုက်စစ်ပိုင်းမှာ ပါဝင်လာခဲ့ပြီး ဂျက်ဆင်က ပထမပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေး တစ်ရပ်ကို ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တိုက်စစ်မှူးအနေနဲ့ ခေါင်းတိုက်ခွင့်ရတဲ့ ဘောလုံးကို မျက်စိမှိတ် တိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ လုပ်ရပ်က အခွင့်အရေးကို ဖြုန်းတီးသလိုသာ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ အနေအထားမျိုးကို ရရှိခဲ့ပေမယ့် ဂျက်ဆင်က ဒီတစ်ကြိမ်မှာလည်း အသုံးမချနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးတို့ အမ်းမရိတ်စ်ကွင်းမှာ တစ်ဂိုးမှမရဘဲ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတာပါ။

ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အပိုင်အခွင့်အရေး သုံးကြိမ်ထက် မနည်းကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေက သူ့ကို စိတ်ပျက်နေရတာပါ။ အဲ့ဒီပွဲမှာလည်း ချဲလ်ဆီးက မန်စီးတီးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ပြီး အက်ဖ်အေဖလား​​ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါသေးတယ်။

အခု အာဆင်နယ်နဲ့ပွဲမှာလည်း ဂျက်ဆင်က အခွင့်အရေးတွေကို လွဲချော်မြဲ လွဲချော်ဆဲဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှုကိုပါ ထိခိုက်သွားဟန်ရှိပါတယ်။​အဲ့ဒါကြောင့်လည်း သူ့အနေနဲ့ အခွင့်အရေးတွေကို အဆုံးသတ်တဲ့နေရာမှာ ပိုပြီးသတ္တိရှိဖို့ လိုအပ်တယ်လို့လည်း ဝေဖန်သုံးသပ်သူတွေက ဆိုနေကြပါတယ်။

Share

Loading Next Article...
က္က