နယ်သာလန်ကြယ်ပွင့်ဟောင်း ရာဖေးလ်ဗန်ဒါဗတ်က စပါးအနေနဲ့ ချဲလ်ဆီးရဲ့ တောင်ပံကစားသမား ဟာကင်မ်ဇီယက်ချ်ကိုသာ ခေါ်ယူစာချုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင် စပါးတို့ ပရီးမီးယားလိဂ်မှာတောင် ချန်ပီယံဖြစ်နိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဇီယက်ချ်ဟာ ယခင်နည်းပြဟောင်း သောမတ်စ်တူဟယ်လ်ထက်တည်းက ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရပြီး လက်ရှိနည်းပြ ပေါ်တာလက်ထက်မှာလည်း ပွဲထွက်ခွင့်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဇီယက်ချ်တယောက် ပြီးခဲ့တဲ့နွေရာသီတည်းက ချဲလ်ဆီးကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လာမယ့်ဆောင်းရာသီမှာလည်း အသင်းပြောင်းဖို့ ပြင်ဆင်လာဖွယ်ရှိပါတယ်။
ဇီယက်ချ်ကိုခေါ်ယူဖို့အတွက် အေစီမီလန်အပါအဝင် အခြားသောဥရောပအသင်းကြီးအချို့က စိတ်ဝင်စားနေပါတယ်။ ဒီလိုအချိန်မျိုးမှာ ဗန်ဒါဗတ်ကလည်း “ဇီယက်ချ်အနေနဲ့ စပါးကို ပြောင်းရွှေ့ဖို့ လိုအပ်ပါတယ်။ စပါးသာ ဇီယက်ချ်ကို အမှန်တကယ် ရလိုက်မယ်ဆိုရင် သူတို့ ပရီးမီးယားလိဂ်မှာတောင် ချန်ပီယံဖြစ်နိုင်ပါတယ်။ ကျနော် ဒါကို အလေးအနက်ထားပြီး ပြောကြားတာပါ” လို့ အံ့အားသင့်ဖွယ် ဖွင့်ဟသွားခဲ့ပါတယ်။
စပါးဟာ ရာသီအစောပိုင်းမှာ ရလဒ်ပိုင်းကောင်းမွန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်းအရရော၊ ရလဒ်ပိုင်းအရပါ တည်ငြိမ်မှု အားနည်းလာခဲ့ပါတယ်။ သူတို့အနေနဲ့ လက်ရှိမှာလည်း ဆွန်ဟောင်မင်၊ ရစ်ချာလီဆန်တို့ ဒဏ်ရာရရှိနေတာကြောင့် လာမယ့်ဆောင်းရာသီမှာ အသင်းရဲ့တိုက်စစ်ကို သေချာပေါက် အားဖြည့်ဖို့ လိုအပ်နေပါတယ်။
ဇီယက်ချ်ဟာ ဒီရာသီမှာ ချဲလ်ဆီးအတွက် (၇) ပွဲသာ ကစားခွင့်ရရှိထားတဲ့ ကစားသမားပါ။ စပါးကစားသမားဟောင်း ဗန်ဒါဗတ်ကတော့ ဇီယက်ချ်အနေနဲ့ ပွဲထွက်ခွင့်ရမယ့်အသင်းကို ပြောင်းရွှေ့ပြီး ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ကြောင်း၊ ဇီယက်ချ်ရဲ့မျက်နှာမှာ အပြုံးတွေကို မမြင်တွေ့ရတော့ဘဲ ခက်ခဲတဲ့အချိန်ကာလနဲ့ ရင်ဆိုင်နေရကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။