ဒီတပတ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတပွဲဖြစ်တဲ့ မန်စီးတီး-ချယ်လ်ဆီးပွဲကတော့ ပြောစရာတွေအများကြီးပါပဲ။ ချယ်လ်ဆီးအနေနဲ့ မန်စီးတီးကို ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့ပြီး ပထမပိုင်းတပိုင်းလုံး ကြံ့ကြံ့ခံနိုင်ခဲ့ပေမယ့်လည်း အချိန်ကြာလာချိန်မှာ တောင့်မခံနိုင်တော့ဘဲ အနိုင်ဂိုးပေးခဲ့ရပါတော့တယ်။
မန်စီးတီးက ပထမပိုင်းတပိုင်းလုံးတရစပ်ဖိကစားခဲ့ပေမယ့် ချယ်လ်ဆီးကွင်းလယ်နဲ့ ခံစစ်ပိုင်းက ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကီပါလက်စွမ်းပြနေခဲ့သလို ဂရီလစ်ရှ်ရဲ့ အပိုင်ကန်သွင်းချက်ကလည်း ကီပါခြေထောက်နဲ့ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ချယ်လ်ဆီးကတော့ ဂိုးပေါက်ကန်သွင်းမှုတောင် မယ်မယ်ရရမရှိခဲ့တဲ့အထိဖြစ်ခဲ့ရပြီး လူကာကူက ပထမပိုင်းတပိုင်းလုံး ဘောလုံး ၉ ကြိမ်သာ ထိခဲ့ပါတယ်။
တန်ပြန်တိုက်စစ်ကနေ အပိုင်အခွင့်အရေးတကြိမ်ကို ချယ်လ်ဆီးတို့ရရှိခဲ့ပေမယ့် လူကာကူရဲ့ လေးဖင့်နေမှု၊မပါးနပ်မှုကြောင့် လူပေးမှားခဲ့သလို လူပါကျွံခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဖိအားပေးကစားနေတဲ့ မန်စီးတီးတို့ မိနစ် ၇၀ မှာ ဒီဘရိုင်းရဲ့ ဧရိယာပြင်ပကန်ချက်ကနေ ဂိုးရခဲ့ပြီး ပွဲကိုဦးဆောင်သွားနိုင်ခဲ့ပြီး ချယ်လ်ဆီးတို့ ပိုပြီးရုန်းကန်ခဲ့ရပါတယ်။
ဒီနေ့ပွဲကစားသွားပုံအရ ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ယှဉ်နိုင်မယ့်အသင်းမရှိတော့ဘူးလို့တောင် ပြောလို့ရတဲ့အနေအထားပါ။ ချယ်လ်ဆီးလိုမျိုး တောင့်တင်းကျစ်လစ်တဲ့အသင်းတောင်မှ ဘယ်လိုမှယှဉ်မရဖြစ်ခဲ့ပြီး ဂွာဒီယိုလာရဲ့အသင်းက ပြိုင်ဘက်ကင်းနေပြီလို့ လက်ခမောင်းခတ်လို့ရပါတယ်။ သူတို့ရဲ့ ချန်ပီယံဖြစ်ရေးရည်မှန်းချက်က သူတို့လက်ထဲမှာပဲရှိနေပြီး ဘယ်အသင်းကမှ ထိထိရောက်ရောက်ဟန့်တားနိုင်မယ့်ပုံလည်းမရှိပါဘူး။
ချယ်လ်ဆီးကတော့ ဒုတိယနေရာအတွက်ပါ စိုးရိမ်စရာဖြစ်သွားခဲ့ရသလို အဆင့် ၄ နေရာက ဝက်စ်ဟမ်းရဲ့ဖိအားပေးမှုကိုပါ ခံရတော့မှာပါ။ ဒီရှုံးပွဲအတွက် သူတို့ကိုအပြစ်တင်ရမှာမဟုတ်ဘဲ မန်စီးတီးကောင်းလွန်းတာကြောင့်လို့ ဆိုရမှာဖြစ်ကာ ဂွာဒီယိုလာရဲ့အသင်းက အမှတ်ပေးဇယားကို အမှတ်ဖြတ်သထက်ဖြတ်ပြီး ဦးဆောင်နေခဲ့ပါပြီ။