ဂျာအို ဖီလစ်ဟာ ယခုရာသီကုန်အထိ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။

ဂျာအို ဖီလစ်ဟာ ချဲလ်ဆီးအသင်းရဲ့ ကျိန်စာသင့်နေတဲ့ ကျောနံပါတ် ၉ ကို ရှောင်လွှဲနိုင်ခဲ့ပေမယ့်လည်း လိုချင်တဲ့ ကျောနံပါတ်ကိုတော့ ရရှိခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် သို့မဟုတ် အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ ကောလာဟလတွေ ရက်သတ္တပတ်အတော်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် နောက်ဆုံးမှာတော့ ဂျာအို ဖီလစ်ဟာ ယခုရာသီကုန်အထိ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ သွင်းဂိုးအချို့ အသည်းအသန်လိုအပ်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့်က အဖြေဖြစ်နိုင်တယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ၎င်းတို့ရဲ့ ကစားသမားသစ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီ ကစားသမားခေါ်ယူမှုတွေဖြစ်တဲ့ ရာဟင်း စတားလင်းနဲ့ အူဘာမီယန်းတို့လို လက်ရှိအချိန်အထိ မျှော်မှန်းထားတဲ့ခြေစွမ်းအတိုင်း မပြသနိုင်ဘဲ ခြေမပေါ်တဲ့အဖြစ်မျိုး မဖြစ်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ဘာစီလိုနာအသင်းကနေ ဒေါ့မွန်နည်းပြဟောင်း သောမတ်စ် တူဟယ်နဲ့ ပြန်လည်ဆုံစည်းဖို့ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့်လည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ဂျာမန်လူမျိုးနည်းပြက ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဆရာဟောင်းနဲ့ ပြန်လည်ဆုံစည်းခွင့် မရခဲ့တဲ့အပြင် အူဘာမီယန်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ အရင်တုန်းက ကစားခဲ့တဲ့ ကြယ်ပွင့်တွေအများအပြား ဒုက္ခရောက်စေခဲ့တဲ့ ကျိန်စာသင့် ကျောနံပါတ် ၉ ကို ပေးအပ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ဂါဘွန်တိုက်စစ်မှူးက အဲဒီကျောနံပါတ်ကို ပေးအပ်ခြင်းခံခဲ့ရတာကြောင့် ဖီလစ်အနေနဲ့ ကျိန်စာသင့် ကျောနံပါတ်ကို ရှောင်လွှဲနိုင်ခဲ့ပေမယ့်လည်း လိုချင်တဲ့ ကျောနံပါတ် ၇ ကိုတော့ အန်ဂိုလို ကွန်တေ ဝတ်ဆင်နေတာကြောင့် မရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဂျာအို ဖီလစ်အနေနဲ့ ပြီးခဲ့တဲ့လ ကာတာမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဝတ်ဆင်ခဲ့တဲ့ တီမို ဗာနာရဲ့ ကျောနံပါတ်ဟောင်းဖြစ်တဲ့ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာအို ဖီလစ်ဟာ ကျောနံပါတ် ၁၁ က ၎င်းအနှစ်သက်ဆုံး ကျောနံပါတ် မဟုတ်ကြောင်း အရင်ကတည်းက ထုတ်ဖော် ပြောကြားခဲ့ဖူးတာကြောင့် အမှန်တကယ် ဝတ်ဆင်လိုခြင်းမရှိတဲ့ ကျောနံပါတ်ဆိုတာ ထင်ရှားခဲ့တာ ဖြစ်ပါတယ်။


ဘင်ဖီကာလူငယ်ကြယ်ပွင့်ဟောင်းဟာ ၂၀၁၉ ခုနှစ်မှာ စပိန်ကို ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းမှာ အနှစ်သက်ဆုံးကျောနံပါတ်ဖြစ်တဲ့ ၇၉ ကို ဝတ်ဆင်ချင်ပေမယ့်လည်း လာလီဂါရဲ့ စည်းမျဉ်းထဲမှာ ကစားသမား ၂၅ ဦးသာ စာရင်းသွင်းထားတာကြောင့် ၁ ကနေ ၂၅ အတွင်းသာ ဝတ်ဆင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် ကျောနံပါတ် ၇ သာ ဝတ်ဆင်ခဲ့ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က