မေဆင်မောင့်က အဲရစ်တန်ဟက်ခ် စိတ်ကြိုက်ကစားသမားလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ချဲလ်ဆီး ကြယ်ပွင့် မေဆင်မောင့်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်‌ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၂၄) နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ ချဲလ်ဆီးမှာ ပုံမှန်နေရာ ပျောက်ဆုံးခဲ့ပြီး အနာဂတ်မရေမရာဖြစ်နေတာကြောင့် လက်ရှိနွေမှာ အသင်းကထွက်ဖို့ ပြင်ဆင်နေတာပါ။



သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က ပြီးခဲ့တဲ့နွေရာသီကတည်းက စိတ်ဝင်စားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း အခုချိန်မှသာ ကြိုးစားခဲ့တာဖြစ်ပြီး ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး မညှိနှိုင်းရသေးပေမယ့် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

မေဆင်မောင့်ဟာ လာမယ့် (၂၀၂၄) ခုနှစ် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အခုချိန်မှာသာ လက်မလွှတ်၊ စာချုပ်သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာပါ။ ချဲလ်ဆီးနည်းပြသစ် ပိုချက်တီနိုကတော့ ကစားသမားနဲ့ပတ်သက်လို့ ဆွေးနွေးသွားဖို့ ဆန္ဒရှိနေပါသေးတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးပိုင်ရှင်တွေကတော့ မစွန့်စားရဲဘဲ လာမယ့်တစ်နှစ်အတွင်း စာချုပ်သက်တမ်း ကုန်ဆုံးမယ့် မေဆင်မောင့်ကို အမြန်ဆုံး ‌ရောင်းချပြီး ပြောင်းရွှေ့ကြေး ရှာဖွေသွားဖို့ ပြင်ဆင်နေပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ကြာသပတေးနေ့က မေဆင်မောင့်အတွက် ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

လက်ရှိအချိန်မှာတော့ နှစ်သင်းကြား သဘောတူညီမှုရရှိဖို့သာ ကျန်တော့ပြီး မေဆင်မောင့်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ချဲလ်ဆီးဟာ မေဆင်မောင့်အပြင် ကိုဗာဆစ်ကိုလည်း မန်စီးတီးထံ ရောင်းချဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားဖြစ်ခဲ့ဖူးသူတွေကို ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထံ အလွယ်တကူ ရောင်းချဖို့ စီစဥ်နေတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က