ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ မနေ့ညက ပွဲမှာ လူငယ်ကစားသမားလေး မူဆီယာလာက ခြေစွမ်းပြသွားခဲ့ပါတယ်။ ကိုယ်တိုင် ၁ ဂိုးသွင်းယူခဲ့ပြီး ဆာနေးနဲ့ မာနေးအတွက်ပါ ဂိုးဖန်တီးမှုတွေ လုပ်ပေးသွားခဲ့ပြီး ဂျာမနီလက်ရွေးစင်က ဘိုင်ယန်မြူးနစ်ရဲ့ အဓိကကစားသမားတဦးအဖြစ် တဖြည်းဖြည်းနဲ့ ရပ်တည်လာနေပြီဖြစ်ပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ မူဆီယာလာက ဆက်တိုက်ခြေစွမ်းပြနေတာဖြစ်ပြီး အင်္ဂလန်နဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာလည်း မက်ဂွိုင်းယားကို ထိုးနှက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းပြနေမှုက ချယ်လ်ဆီးနဲ့ အင်္ဂလန်အတွက်တော့ နှမျောစရာကောင်းလောက်အောင် ဖြစ်နေပြီး ဘိုင်ယန်အတွက်ကတော့ လူငယ်ကြယ်ပွင့်တဦးကို အသင်းမှာ ရေရှည်အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။
မူဆီယာလာက ချယ်လ်ဆီးအကယ်ဒမီထွက်ဖြစ်ပြီး ၈ နှစ်လောက်နေခဲ့ပြီးမှ ဘိုင်ယန်ကို ၂၀၁၉ မှာ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်လူငယ်အသင်းတွေမှာ ဆက်တိုက်ကစားခဲ့ပြီးနောက် ဂျာမနီကို ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်လည်း သူ့ရဲ့ ခြေစွမ်းပြသနေမှုတွေက အဆိုပါအသင်းတွေအတွက်တော့ တော်တော်လေးနှမျောစရာကောင်းလောက်အောင်ကို ဖြစ်နေပါတယ်။
ဒီရာသီမှာ ဘိုင်ယန်အတွက် သူက ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၇ ဂိုးသွင်း၊ ၅ ကြိမ်ဖန်တီးပေးထားပြီးပါပြီ။ ကွင်းလယ်ပိုင်းနေရာစုံနဲ့ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်သူဖြစ်လို့ သောမတ်စ်မူလာရဲ့ နေရာကို အပြည့်အ၀ဆက်ခံနိုင်မယ့်သူလို့ ချီးကျူးခံနေရပါတယ်။ အသက်အရွယ်ရလာပြီဖြစ်တဲ့ မူလာနေရာကို အစားထိုးဖို့အတွက်လည်း သူက အသင့်တော်ဆုံးကစားသမားအဖြစ်ရှိနေပါတယ်။