ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်ကို ချဲလ်ဆီး သို့မဟုတ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်အောင် မလုပ်ဆောင်ပေးနိုင်ရင် လမ်းခွဲမယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဇန်နဝါရီအစမှာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နက်ဆာအသင်းကို ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာကို မပြောင်းရွှေ့ခင် ကာလအတွင်း အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်နဲ့ လမ်းခွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးကို စူပါအေးဂျင့်က သဘောမတူညီခဲ့တာဖြစ်ပါတယ်။ စပိန်သတင်းစာ El Mundo က ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းလက်မဲ့ဖြစ်နေချိန်မှာ နောက်ထပ် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်ကို ချဲလ်ဆီး သို့မဟုတ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဆက်ဆံရေးကို အဆုံးသတ်ရလိမ့်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီက ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးရဲ့ ပရိသတ်ဖြစ်တာကြောင့် အစပိုင်းမှာ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပေမယ့်လည်း အဲဒီအချိန်တုန်းက နည်းပြ သောမတ်စ် တူဟယ်ဟာ ရော်နယ်လ်ဒိုက ၎င်းရဲ့ အသင်းမှာ အံဝင်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တာကြောင့် အပြောင်းအရွှေ့ကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကလည်း လီဗာပူးလ်ကြယ်ပွင့် ဆာဒီယို မာနေးကို ခေါ်ယူနိုင်ခဲ့တာကြောင့် ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် အမှန်တကယ် စိတ်ဝင်စားခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး စီအီးအို အိုလီဗာ ခန်းက ပေါ်တူဂီတိုက်စစ်မှူး အသင်းလက်မဲ့ဖြစ်သွားချိန်မှာ အပြောင်းအရွှေ့ပြုလုပ်မယ့် အလားအလာကို လူသိရှင်ကြား ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။
ဂျော့ဂျ် မန်ဒက်စ်ဟာ အသင်း ၂ သင်းစလုံးဆီကနေ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာမဟုတ်ဘူးလို့ အသိပေးတဲ့ ဖုန်းခေါ်ယူမှုကို လက်ခံရရှိခဲ့ပြီး ကာလရှည် လက်တွဲလာတဲ့ စူပါစတားကစားသမားတစ်ဦးနဲ့ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။