ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်မယ်လို့ အန်ဆယ်လော့တီက အပြည့်အဝယုံကြည်နေတာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီက ဒီကနေ့ညမှာ ရင်ဆိုင်ရမယ့် မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အတွက် ယုံကြည်မှုအပြည့်အဝရှိကြောင်း ဖွင့်ဟပြောကြားထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ချန်ပီယံဆုနဲ့ အောင်ပွဲခံပြီးနောက် ပထမဆုံးပွဲစဥ်အဖြစ် အခု မန်စီးတီးနဲ့ ရင်ဆိုင်ရမှာပါ။



ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်မှာ ပီအက်စ်ဂျီ၊ ကွာတားဖိုင်နယ်အဆင့်မှာ ချဲလ်ဆီးတို့နဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီး အခု ဆီမီးဖိုင်နယ်မှာပါ မန်စီးတီးနဲ့ ပွဲကျပ်နေခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့ကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး Comeback ပွဲတွေနဲ့ ပြန်လာနိုင်ခဲ့တာပါ။

အဲ့ဒါကြောင့်လည်း ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် မန်စီးတီးကွင်းမှာ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ထားသည့်တိုင် ဗိုလ်လုပွဲရောက်ဖို့ ယုံကြည်မှုရှိနေဆဲဆိုတာကို ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ အန်ဆယ်လော့တီက “ကျနော်တို့ ပီအက်စ်ဂျီကို သုံးဂိုး၊ ချဲလ်ဆီးကို ငါးဂိုးသွင်းခဲ့ပြီးပါပြီ”

“မန်စီးတီးကိုလည်း ပထမအကျော့မှာ သုံးဂိုးသွင်းထားပါတယ်။ တခါတလေတော့ ကျနော်တို့ နည်းနည်းလေး စွန့်စားရတာပေါ့။ ဒါပေမယ့်လည်း ကျနော်တို့မှာ လုပ်နိုင်စွမ်းရှိပါတယ်။ မန်စီးတီးက အားသာချက်ရှိနေတာ မှန်ပါတယ်။ ကျနော်တို့လည်း တိုးတက်ဖို့ လိုအပ်တာပေါ့”

“ဒါက ခက်ခဲမယ့်ပွဲတပွဲပါ။ ဒါပေမယ့် ကျနော်တို့ လာလီဂါချန်ပီယံဖြစ်ခဲ့ပြီးနောက် နောက်ထပ်ဗိုလ်လုပွဲတပွဲကို ကစားခွင့်ရဖို့ အံ့အားသင့်ဖွယ် အခွင့်အရေးရှိနေပါပြီ။ ခံစားချက်က အရမ်းကောင်းနေပြီး ကျနော်တို့ သေချာပေါက် ဗိုလ်လုပွဲတက်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီကနေ့ညပွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကနောက်ခံလူ အလာဘာ လွဲချော်မယ်ဆိုပေမယ့် ကွင်းလယ်မှာ ကက်စ်မဲရိုး ပြန်ပါနိုင်မှာက ရီးရဲလ်မက်ဒရစ်အတွက် သတင်းကောင်းပါ။ ပထမအကျော့ ကက်စ်မဲရိုးမပါဝင်နိုင်ခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်နဲ့ နောက်တန်းအကြား ဟာကွက် အတော်လေးများပြားခဲ့ပြီး မန်စီးတီးက လေးဂိုးအထိ သွင်းယူသွားခဲ့တာပါ။ 

Share

Loading Next Article...
က္က