ချဲလ်ဆီးနဲ့ပွဲမှာ လီဗာပူး တိုက်စစ်ကစားသမား ဆာလာက ပွဲကစားချိန်အတွင်း လူစားလဲခံရတာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။ ဒီလိုမျိုး ဖြစ်နေခဲ့တဲ့ ဆာလာကို ရွိုင်ကိန်းက ပါးစပ်ပိတ်ပြီး ထိုင်နေစမ်းပါကွာလို့ ခပ်ပြတ်ပြတ်ပဲ သတိပေးပြောကြားလိုက်ပါတယ်။
ဒီပွဲရဲ့ ပွဲကစားချိန် (၇၇) မိနစ်မှာ လီဗာပူးနည်းပြ ကလော့ပ်က ဆာလာကို ဘန်ဒိုအာခ်နဲ့ လူစားလဲခဲ့ပါတယ်။ ဆာလာဟာ ကွင်းထဲက ထွက်လာချိန်မှာ သူ့လက်မှာ ကပ်ချည်ထားတဲ့ တိပ်တွေကို စိတ်ပျက်လက်ပျက်နဲ့ ခွာထုတ်ခဲ့ပြီး လူစားလဲခံရတာကို မကျေနပ်ဟန်ပြသခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ရွိုင်ကိန်းက “လူစားလဲခံရတာကို စိတ်ပျက်တဲ့အပေါ် နားလည်ပါတယ်။ ဒါပေမယ့် ဒါကြီးကို အချိန်အကြာကြီး လုပ်ပြမနေစမ်းပါနဲ့ကွာ။ ဆာလာက သူ့ရဲ့ ခေါင်းကို တစ်ချိန်လုံး ယမ်းနေခဲ့ပြီး အရန်ခုံမှာတောင် ပခုံးတွန့် ထိုင်နေတာပါ။ ဒီတိုင်း ပါးစပ်ပိတ်ပြီး ထိုင်နေစမ်းပါကွာ”
“လူစားလဲခံရတာကို လက်ခံရပါမယ်။ စိတ်ပျက်တာကို နားလည်ပေမယ့် ဒီဖြစ်ရပ်နဲ့ ဆွဲချသွားလို့ မရပါဘူး။ ဆာလာထက် ပိုကောင်းတဲ့ ကစားသမားတွေတောင် လူစားလဲခံရတာကို ကျွန်တော်တို့ မြင်တွေ့နေရတာပဲ။ ဒါက ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆာလာဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် သူ့အတွက် နစ်နာခဲ့ရပါတယ်။ ဆာလာရဲ့ သွင်းဂိုးကို ကွင်းလယ်ဒိုင်က VAR ရဲ့ အကူအညီနဲ့ ပြန်လည်ပယ်ဖျက်ခဲ့တာဖြစ်ပြီး ဆာလာအတွက်တော့ လီဗာပူးကို ရောက်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးပွဲဖြစ်ခဲ့ပါတယ်။