စပါးကစားသမား ပါရီဆစ်ဟာ ချဲလ်ဆီးနဲ့နှစ်ဂိုးစီသရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ထောင့်ကန်ဘောကို သူ့စိတ်ကြိုက်လိုသလို ဘယ်ခြေ၊ ညာခြေကို အသုံးပြု ကန်သွားခဲ့ပြီး ဒီအပေါ်မှာ ပရိသတ်တွေကတော့ သဘောကျနေကြပါတယ်။ ဒီပွဲမှာ ပါရီဆစ်က ပွဲထွက်ခွင့်မရခဲ့ဘဲ ဒုတိယပိုင်းမှ လူစားဝင်လာတာပါ။
ပါရီဆစ်ဟာ ဘယ်ခြမ်းမှာရရှိခဲ့တဲ့ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘောတို့ကို ညာခြေအသုံးပြုပြီး ကန်ခဲ့ပေမယ့် ညာခြမ်းမှာရရှိခဲ့တဲ့ ထောင့်ကန်ဘောကိုတော့ ဘယ်ခြေနဲ့ ကန်တင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ စပါးတို့ရရှိခဲ့တဲ့ ဟယ်ရီကိန်းရဲ့ အဖိုးတန်ချေပဂိုးကို ပါရီဆစ်က ဘယ်ခြေနဲ့ ကန်တင်ပေးခဲ့တာကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ပုံမှန်အားဖြင့် ဘယ်ခြေရော၊ ညာခြေရော သန်တဲ့ကစားသမားက တည်ကန်ဘောတွေကန်တဲ့အခါမှာ ဘယ်ခြေ ဒါမှမဟုတ် ညာခြေတဖက်တည်းကိုသာ အမြဲတမ်းအသုံးပြုကန်တင်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ပါရီဆစ်ကတော့ အခြေအနေအပေါ် မူတည်ပြီး ဘယ်ခြေ၊ ညာခြေနှစ်ဖက်လုံးကို အသုံးပြုခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ဘယ်ခြေနဲ့ ကန်တင်ပေးတဲ့ ထောင့်ကန်ဘောက ဟယ်ရီကိန်းရဲ့ချေပဂိုးအတွက် အရေးပါခဲ့တာကြောင့်လည်း ချီးကျူးစရာဖြစ်ခဲ့ရပါတယ်။
ပရိသတ်တွေက “ပါရီဆစ်က မတူညီတဲ့ထောင့်ကန်ဘောဘက်တွေအတွက် မတူညီတဲ့ ခြေထောက်တွေကို အသီးသီးအသုံးပြုခဲ့တာကို လူတွေ နားလည်နိုင်မယ်မထင်ပါဘူး” “ပါရီဆစ်က လာမယ့်ပွဲတွေမှာ ပွဲထွက်ခွင့်ရသင့်ပါပြီ” “ပါရီဆစ်က ထောင့်ကန်ဘောတွေကို အကောင်းဆုံးဝေ့ဝိုက်ကန်တင်ပေးနိုင်ဖို့ ထောင့်ကန်ဘောနေရာအပေါ် မူတည်ပြီး သူ့ခြေထောက်နှစ်ဖက်လုံးကို အသုံးချသွားခဲ့ပါတယ်” လို့ အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။
ပါရီဆစ်တယောက် ဒီလိုမျိုးလုပ်တာက အခုမှ ပထမဆုံးလည်း မဟုတ်ပါဘူး။ အဆိုပါ ခရိုအေးရှားကစားသမားကြီးက စီးရီးအေမှာလည်း (၂၀၀၄-၀၅) နောက်ပိုင်း ဘယ်ခြေနဲ့ရော၊ ညာခြေနဲ့ရော ပင်နယ်တီသွင်းယူဖူးတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပါရီဆစ်ဟာ အင်တာမီလန်မှာ (၂၀၁၅) ကနေ (၂၀၂၂) အထိ ကစားခဲ့ဖူးပြီး လက်ရှိနွေရာသီအပြောင်းအရွှေ့အစောပိုင်းမှာ စပါးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ကစားသမားဖြစ်ပါတယ်။