ဘာစီလိုနာ အားကစားဒါရိုက်တာ အယ်လ်မန်နီက သူတို့ရဲ့ ကစားသမားသစ် ကွန်ဒေးနဲ့ ချဲလ်ဆီးတို့ အရင်ဆုံးသဘောတူညီမှုရရှိခဲ့တယ်ဆိုပေမယ့် ကွန်ဒေးရဲ့ အေးဂျင့်က ဘာစီလိုနာထံ နေ့တိုင်းနီးပါး ဆက်သွယ်နေခဲ့တယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။ ကွန်ဒေးအတွက် ချဲလ်ဆီးနဲ့ ဆီဗီလာတို့ ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်းနဲ့ အရင်သဘောတူညီမှုရရှိခဲ့တာပါ။
ကစားသမားဘက်ကတော့ ချဲလ်ဆီးနဲ့ရော၊ ဘာစီလိုနာနဲ့ပါ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီး ဘယ်အသင်းကိုမဆို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လည်း နောက်ကွယ်က တကယ့်ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့တော့ ဘာစီလိုနာဘက်က ဒါရိုက်တာ အယ်လ်မန်နီက အခုလိုပဲ ပြောကြားလာပါတယ်။
အယ်လ်မန်နီက “ကွန်ဒေးဘက်ကလူတွေက နေ့တိုင်းလိုလိုကို ကျနော်တို့ဘက်က ဘာထူးလဲ၊ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ ဖုန်းဆက်မေးနေတာ။ ဘာလို့လဲဆိုတော့ ကွန်ဒေးက ကျနော်တို့ ဘာစီလိုနာကို လာချင်နေပြီး ကျနော်တို့ကို စောင့်နေတာလေဗျာ။ နောက်ဆုံးကျတော့ ကွန်ဒေးရဲ့အေးဂျင့် ဂျိုနသန်ကီဘီကို ဖုန်းထပ်မဆက်ဖို့ပါ ကျနော့်မှာ ပြောလိုက်ရတယ်”
“ဘာလို့လဲဆိုတော့ သူ့ကို ဘာထပ်ပြောရမှန်း ကျနော်လည်း မသိတော့ဘူးလေဗျာ။ အဲ့ဒီနောက် ရုပ်သံထုတ်လွှင့်ခွင့်နဲ့ ပတ်သက်လို့ ဒုတိယအပိုင်းကို ကျနော်တို့ ထုတ်ရောင်းပြီးချိန်မှာလည်း ကွန်ဒေးက အခြားအသင်းနဲ့ သဘောတူညီမှုရလုနီးပါးဖြစ်နေပါပြီ။ ဒါပေမယ့် သူကတော့ ဘာစီလိုနာကိုပဲ လာချင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာဟာ ကွန်ဒေးအဖြစ်အပျက်မတိုင်ခင် လိဒ်စ်တိုက်စစ်ကစားသမား ရာဖင်ဟာကိုခေါ်ယူတုန်းကလည်း ချဲလ်ဆီးနဲ့ ဒီလိုမျိုးဖြစ်ပျက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာလည်း ချဲလ်ဆီးက ရာဖင်ဟာအတွက် လိဒ်စ်နဲ့ လက်ဦးမှုရယူကာ သဘောတူညီနိုင်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဘာစီလိုနာကိုသာ ပြောင်းရွှေ့ချင်တာကြောင့် ဘာစီလိုနာဘက်က ပြောင်းရွှေ့ကြေးပေးနိုင်ချိန်အထိ လိဒ်စ်တို့ စောင့်ဆိုင်းခဲ့ရပါတယ်။