ဥရောပချန်ပီယံနဲ့တောင်အမေရိကချန်ပီယံက မန်စီးတီးထက် ပိုကောင်းတယ်လို့ ဂွါဒီယိုလာက ပြောခဲ့တာပါ။

မနေ့ညက မန်စီးတီးတို့ ဘရန့်ဖို့ဒ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေအပေါ် ဂွါဒီယိုလာကတော့ ပါးပါးနပ်နပ်ပဲ ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို အနိုင်ရပြီးတဲ့နောက် မန်စီးတီးတို့ လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ရမှတ် (၁၂) မှတ်အသာနဲ့ ဦးဆောင်ထားပါတယ်။



 

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ (၂၀၁၆) မှာ အင်္ဂလန်မြေကို ရောက်ရှိလာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလား (၃) ကြိမ် ဆွတ်ခူးထားနိုင်ပေမယ့် လက်ရှိအနေအထားအရ သူ့အသင်းက ကမ္ဘာ့အကောင်းဆုံးမဖြစ်နိုင်ဘူးလို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာက “ကျနော်တို့က ကမ္ဘာ့အကောင်းဆုံး အသင်းတသင်းမဟုတ်ပါဘူး”

 

“အကောင်းဆုံးအသင်းက ချန်ပီယံလိဂ်ဖလားရထားတဲ့ ချဲလ်ဆီး ဒါမှမဟုတ် တောင်အမေရိကရဲ့ချန်ပီယံ ရေးဗားပလိတ်ပေါ့။ အရေးကြီးဆုံးအရာက ကျနော်တို့ ပွဲကိုအနိုင်ရခဲ့ဖို့ပါပဲ။ လာမယ့် သုံးရက်အတွင်းမှာပဲ ကျနော်တို့ နော့ဝစ်ချ်ကွင်းကို သွားရပါဦးမယ်။ အဲ့ဒီပွဲမှာလည်း ကျနော်တို့ နိုင်ပွဲ ထပ်ရဖို့ လိုအပ်ပါတယ်”

 

“ဒီလိုမျိုး ဘယ်အသင်းက အကောင်းဆုံး၊ ဘယ်သူက အကောင်းဆုံးဆိုတဲ့အရာတွေကို ကျနော် ဂရုမစိုက်ပါဘူး။ ပျော်ပျော်နေပြီး နေ့တိုင်း နေ့တိုင်း အသင်းက ကောင်းကောင်းကစားနိုင်ဖို့ပဲ ကြိုးစားပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ မာရက်ဇ်ရဲ့ ပင်နယ်တီ၊ ဒီဘရိုင်းရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

မန်စီးတီးဟာ ကာရာဘောင်ဖလားက ထွက်လိုက်ရပေမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာ စပို့တင်းလစ္စဘွန်း၊ အက်ဖ်အေဖလား ပဥ္စမအဆင့်မှာ လိဂ်ချန်ပီယံရှစ်ကလပ် ပီတာဘရော့တို့နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါသေးတယ်။ 

Share

က္က