တူဟယ်လ်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ဂျိုကိုးလ်က ချီးကျူးခဲ့တာပါ။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကို ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သင့်တယ်လို့ ကစားသမားဟောင်း ဂျိုကိုးလ်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီးက ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ရဲ့ အေဘရာမိုဗစ်ချ်အပေါ် အရေးယူပိတ်ဆို့မှုတွေကြောင့် ရုန်းကန်နေရတဲ့အသင်းတသင်းပါ။



ကွင်းပြင်ပမှာ ချဲလ်ဆီးတို့ ပြဿနာမျိုးစုံနဲ့ အခက်အခဲကြုံနေရပေမယ့် တူဟယ်လ်ကတော့ သူ့ရဲ့ ကစားသမားတွေကိုရော၊ ပရိသတ်တွေကိုပါ စိတ်ဓာတ်မကျအောင် အကောင်းဆုံးလှုံ့ဆော်ပေးရင်း အသင်းကို ထိန်းကျောင်းပေးနေတာဖြစ်ပါတယ်။ အထူးသဖြင့် ချဲလ်ဆီးကိုပါ ထိခိုက်စေမယ့် ဒဏ်ခတ်အရေးယူမှုတွေကို ဗြိတိန်အစိုးရက ချမှတ်ပြီးနောက်ပိုင်း ချဲလ်ဆီးက ပြိုင်ပွဲစုံ (၃) ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။

ဒါတွေက တူဟယ်လ်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကြောင့်ဖြစ်ပြီး အသင်းအနေနဲ့ အဝေးကွင်းသွားကစားဖို့ စရိတ်မတတ်နိုင်ဘူးဆိုရင်လည်း သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်က တူဟယ်လ်ကို အခုလိုပဲ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

ဂျိုကိုးလ်က “တူဟယ်လ်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ကြည့်လိုက်ရင် ဒီလိုမျိုး ရုန်းရင်းဆန်ခတ်အချိန်တွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မြင်တွေ့ရပါလိမ့်မယ်။ လူ့အဖွဲ့အစည်းတရပ်မှာ ကျနော်တို့က ဆိုးရွားတဲ့၊ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု စွမ်းရည်တွေကို နမူနာအဖြစ် မြင်တွေ့ခဲ့ဖူးပြီးသားပါ”

“ဘောလုံးနည်းပြတယောက်က ဒီလိုတွေပြောရင်း ဖြတ်သန်းနေတာက သူ့အနေနဲ့ လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အနားယူနေသလို ခံစားရပါတယ်။ တူဟယ်လ်က ဝန်ကြီးချုပ်တယောက်ဖြစ်သင့်ပါတယ်” လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

လာမယ့်စနေညမှာ ကစားမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဥ် မစ်ဒယ်ဘရော့နဲ့ အဝေးကွင်းပွဲအတွက်လည်း ချဲလ်ဆီးတာဝန်ရှိသူတွေက ကွင်းပိတ်ကစားပေးဖို့ တောင်းဆိုခဲ့ပြီး ရုပ်သိမ်းခဲ့ပါတယ်။ ဒီအပေါ်မှာလည်း တူဟယ်လ်က ကျနော်တို့အသင်းရဲ့ အခြေအနေက အခြားအသင်းတသင်းကို ထိခိုက်တာမျိုး မဖြစ်သင့်ဘဲ အသင်းတာဝန်ရှိသူတွေရဲ့ လုပ်ရပ်ကိုပါ ဝေဖန်သွားခဲ့ပါသေးတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က