ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းအရေး တင်းမာမှုမတိုင်ခင်တည်းက ရုရှားအစိုးရပိုင်းနဲ့ နီးနီးစပ်စပ်ရှိနေတဲ့ အေဘရာမိုဗစ်ချ်ကိုပါ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပြီးပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ပြောစကားတွေနဲ့ ပတ်သက်လို့ ချဲလ်ဆီးကို မေးမြန်းခဲ့ပေမယ့် ကလပ်ဘက်ကတော့ တစုံတရာ တုံ့ပြန်ခဲ့ခြင်းမျိုးမရှိပါဘူး။
အေဘရာမိုဗစ်ချ်ဟာ အရင်တည်းက ဒီလိုမျိုး နိုင်ငံရေးပြဿနာတွေနဲ့ ဆက်စပ်ပြီးတော့မှ ဗြိတိန်အစိုးရပိုင်းနဲ့ မပြေမလည်ဖြစ်ခဲ့ပြီး ချဲလ်ဆီးကိုတောင် ရောင်းချပြီး ဗြိတိန်က ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အခု ဘော်ရစ်ဂျွန်ဆင်ရဲ့ အင်္ဂါနေ့က ပြောစကားတွေက အငြင်းပွားစရာရှိခဲ့တာပါ။
ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဘော်ရစ်ဂျွန်ဆင်တယောက် စကားပြောမှားခဲ့ခြင်းဖြစ်ပြီး ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှတ်တမ်းတွေနဲ့တကွ ပြန်လည်ဖြေရှင်းပေးမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ဘော်ရစ်ဂျွန်ဆင်က ရုရှားနိုင်ငံအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ဖို့ ကြေညာခဲ့ပြီး ဒီအချက်က ဘောလုံးလောကကိုပါ ရိုက်ခတ်မှုတွေရှိနေပါတယ်။
ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကစားမှာဖြစ်ပြီး လက်ရှိအနေအထားတွေအရ ကွင်းပြောင်းရွှေ့ကစားဖို့ အထူးသဖြင့် ဝင်ဘလေ ဒါမှမဟုတ် စပါးကွင်းမှာ ကစားဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မနေ့က ချက်ချင်း အစည်းအဝေး ပြုလုပ်ခဲ့ပေမယ့် သတင်းရင်းမြစ်တွေအရတော့ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုရောက်ရှိချိန်အထိ အခြေအနေကို စောင့်ဆိုင်းသုံးသပ်ဖို့ ဆန္ဒရှိနေပါတယ်။
(၂၀၂၂) မေ (၂၈) မှာ ကျင်းပဖို့ စီစဥ်ထားတဲ့ ဒီချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်ဘလေကွင်းမှာ ရွှေ့ဆိုင်းကစားဖြစ်ခဲ့မယ်ဆိုရင် လိဂ်တူး ပလေးအော့ဖ် ဗိုလ်လုပွဲနဲ့ တရက်တည်းကျနေတယ်ဆိုပေမယ့် အင်္ဂလန်ဘောလုံးလိဂ်ဘက်ကတော့ ဒါကို ပျော်ပျော်ကြီးရွှေ့ဆိုင်းပေးသွားလိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။