မစ်ဒယ်ဘရော့နဲ့ချဲလ်ဆီးတို့ အက်ဖ်အေဖလားမှာ ထိပ်တိုက်တွေ့မှာပါ။

လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဥ်ကို ကွင်းပိတ်ကစားပေးဖို့ တောင်းဆိုတဲ့ ချဲလ်ဆီးကို ပြစ်တင်ဝေဖန်လိုက်ပြီး လက်ရှိအချိန်မှာလည်း အက်ဖ်အေဖလားပွဲလက်မှတ်တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။



ဗြိတိန်ရဲ့ အေဘရာမိုဗစ်ချ်အပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ချဲလ်ဆီးလည်း ဆိုးကျိုးတွေခံစားနေရပြီး မစ်ဒယ်ဘရော့နဲ့ ကစားမယ့်ပွဲအတွက် ပရိသတ်တွေကို လက်မှတ်ရောင်းချခွင့်မရှိဖြစ်နေပါတယ်။ ဒီပွဲကို ချဲလ်ဆီးပရိသတ်တွေထဲက တရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေသာ လာရောက်ကြည့်ရှုခွင့်ရှိမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ကွင်းပိတ်ကစားခွင့်ရဖို့ ချဲလ်ဆီးတို့ မနေ့က တောင်းဆိုခဲ့ပြီး မစ်ဒယ်ဘရော့ကတော့ ချက်ချင်းဆိုသလို ချဲလ်ဆီးကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ချဲလ်ဆီးက သူတို့ရဲ့ တောင်းဆိုမှုကိုလည်း ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။

မစ်ဒယ်ဘရော့က “ကျနော်တို့ဆီမှာ စနေနေ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲ ချဲလ်ဆီးနဲ့ပွဲအတွက် လက်မှတ်အပို (၃,၂၀၀) ရှိထားပါတယ်။ ဒီလက်မှတ်တွေက ချဲလ်ဆီးဘက်က ပြန်လည်အပ်နှံထားတဲ့ လက်မှတ်တွေဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကစားသမားဟောင်းကြီး ဂယ်ရီလိုင်နီကာကလည်း ချဲလ်ဆီးရဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

ဂယ်ရီလိုင်နီကာက “ချဲလ်ဆီးက အက်ဖ်အေဖလားပွဲကို ကွင်းပိတ်ကစားဖို့ သူတို့ရဲ့ တောင်းဆိုချက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။ ဒါက မှန်ကန်တဲ့လုပ်ရပ်ပါ။ သူတို့ စစချင်း ဘယ်လိုစိတ်ကူးမျိုးနဲ့ ကွင်းပိတ်ကစားဖို့ တောင်းဆိုခဲ့လဲဆိုတာကို ကျနော် နားမလည်နိုင်ပါဘူး။ သူတို့ ဘယ်လိုတွေးလိုက်မှန်းတောင် စဥ်းစားလို့မရပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

မစ်ဒယ်ဘရော့ဟာ ဒီရာသီ အက်ဖ်အေဖလားပြိုင်ပွဲမှာ ယူနိုက်တက်၊ စပါးတို့လို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေကို ဖြုတ်ချခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း ကွင်းပြင်ပကိစ္စရပ်တွေနဲ့ ဖိအားများနေတဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မစ်ဒယ်ဘရော့တို့ ဆက်လက်ခြေစွမ်းပြနိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က