ချဲလ်ဆီးနောက်တန်းက ဝါရင့် ကစားသမားကြီး သီယာဂိုဆေးလ်ဗားက သူ့အတွက် လက်ရှိအခိုက်အတန့်ဟာ တကယ့်ကို အိပ်မက်တခုလို ဖြစ်နေတဲ့အကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ (၂၀၂၀) နွေရာသီမှာ အဆိုပါ ဘရာဇီးလူမျိုး နောက်ခံလူကြီးဟာ ပီအက်စ်ဂျီကနေ ချဲလ်ဆီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးကစားသမားဘဝ ပွဲဦးထွက်မှာ မမျှော်လင့်ထားတဲ့ အမှားအယွင်းတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကောင်းဆုံး ခြေစွမ်းတရပ်နဲ့အတူ အသင်းရဲ့ နောက်တန်းကို ဦးဆောင်ထိန်းကျောင်းပေးလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ သီယာဂိုဆေးလ်ဗားက ချဲလ်ဆီးကစားသမားဘဝနဲ့ အဓိကဆုဖလားတွေဖြစ်တဲ့ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။
သီယာဂိုဆေးလ်ဗား ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်လာရင် စိတ်ချရပြီလို့ ချဲလ်ဆီးပရိသတ်တွေက ဆိုရလောက်အောင်ကို ဒီကစားသမားက ခြေစွမ်းပြနေပြီး အခုချိန်မှာလည်း သီယာဂိုဆေးလ်ဗားက သူ့ရဲ့ ခံစားချက် အစစ်အမှန်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သီယာဂိုဆေးလ်ဗားက “ကျနော် ချဲလ်ဆီးမှာရှိနေရတာက အိပ်မက်မက်နေသလို ခံစားရပါတယ်”
“ဒီလိုအနေအထားမျိုးကို ကျနော် တခါမှမမျှော်လင့်ခဲ့ဖူးပါဘူး။ ပရိသတ်တွေက ကျနော့်နာမည်ကို တချိန်လုံး သီချင်းလုပ်ဆိုနေကြပါတယ်။ ဒါက တကယ့်ကို မှော်ဆန်တဲ့အခိုက်အတန့်၊ အိပ်မက်ဆန်ဆန်ဖြစ်ရပ်ပါပဲ။ ချဲလ်ဆီးအတွက်၊ ချဲလ်ဆီးပရိသတ်တွေအတွက် ဒီနေရာမှာ ကစားခွင့်ရတာကြောင့် ကျနော်တကယ်ကို ဂုဏ်ယူမိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
သီယာဂိုဆေးလ်ဗားဟာ မနေ့ညက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်အဖြစ် လိုင်လီကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနေ့ကပွဲရလဒ်ကြောင့် ချဲလ်ဆီးဟာ ဥရောပမှာ အိမ်ကွင်းငါးပွဲဆက်တိုက် ဂိုးမပေးရဘဲ နိုင်ပွဲရရှိတဲ့ ပထမဆုံး အင်္ဂလိပ်အသင်းအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။