လီဗာပူးရဲ့ ပစ်မှတ်မှန်သမျှ ချဲလ်ဆီးကိုပဲ သွားချင်နေတာပါ။

လီဗာပူးက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာကလည်း လီဗာပူးကို ငြင်းဆန်ကာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူညီသွားခဲ့ပါတယ်။ အဆိုပါ ကွင်းလယ်လူကို ခေါ်ယူဖို့ လီဗာပူးတို့ လက်ရှိနွေရာသီ အပြောင်းအရွှေ့တစ်လျှောက်လုံး ကြိုးစားခဲ့တာပါ။



ဒါပေမယ့် ဆောက်သမ်တန်နဲ့ ပြောင်းရွှေ့ကြေး ညှိမရခဲ့သလို အခုချိန်မှာလည်း ချဲလ်ဆီးရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရပြန်ပါတယ်။ ခိုင်မာတဲ့ သတင်းထောက်တွေနဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ လာဗီယာအတွက် ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) ပေးချေဖို့ သဘောတူညီခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း ချဲလ်ဆီးကိုသာ ရွေးချယ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် လက်ရှိနွေရာသီမှာ ကွင်းလယ်ခံစစ်ကစားသမား မဖြစ်မနေ လိုအပ်နေတဲ့ လီဗာပူးတို့ နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒီမတိုင်ခင်ကလည်း ကွင်းလယ်ခံစစ် ကစားသမားနေရာအတွက် လီဗာပူးတို့ ချဲလ်ဆီးရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရပါသေးတယ်။

ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူဖို့ လီဗာပူးတို့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၁၀) နဲ့ ကမ်းလှမ်းခဲ့ပြီး နှစ်သင်းကြားမှာလည်း သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရပြီးသား ကိုင်စီဒိုက လီဗာပူးကို ငြင်းဆန်ခဲ့ပြီး ချဲလ်ဆီးကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း လီဗာပူးတို့ လက်ရှိနွေရာသီမှာတင် ချဲလ်ဆီးကြောင့် မိအေးနှစ်ခါနာဖြစ်ခဲ့ရပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူးတို့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာလည်း တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သလို ဒီပွဲရဲ့ ပွဲကစားချိန်အတွင်း ချဲလ်ဆီးတိုက်စစ်ကစားသမား ဂျက်ဆင် ပင်နယ်တီဧရိယာထဲ လက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီမရခဲ့တာကြောင့်လည်း လီဗာပူးပရိသတ်တွေ ပေါက်ကွဲခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က