ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာရဲ့ တိုက်စစ်မှူးဟောင်းကြီး အဘွန်လဟော်က လက်ရှိစပါးရဲ့ အနေအထားက ချဲလ်ဆီးအပါအဝင် ကျန်တဲ့အသင်းတွေထက်စရာရင် မန်စီးတီးနဲ့လီဗာပူးကို ပိုမိုစိန်ခေါ်နိုင်လိမ့်မယ်လို့ဆိုလာပါတယ်။ ကွန်တီရဲ့စပါးဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးရဲ့အောက် အဆင့် (၄) နေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပါတယ်။
လက်ရှိနွေရာသီစျေးကွက်မှာလည်း စပါးက ကွန်တီရဲ့စိတ်ကြိုက်ကစားသမားတွေကို အရခေါ်ယူပေးနေခဲ့ပြီး အသင်းက တောင့်တင်းတဲ့ အနေအထားတရပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ရစ်ချာလီဆန်၊ ဘစ်ဆိုမာ၊ ပါရီဆစ်တို့အပါအဝင် ဖော်စတာ၊ လန်းဂ်ဂလတ်တို့ကိုလည်း အသင်းမှာ ခေါ်ယူထားပြီးဖြစ်ပါတယ်။
စပါးဟာ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် တောင်ကိုရီးယားနိုင်ငံမှာလည်း ခြေစမ်းပွဲတွေကစားခဲ့ပါသေးတယ်။ လက်ရှိစပါးရဲ့ တိုက်စစ်ပိုင်းကလည်း ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ရစ်ချာလီဆန်တို့နဲ့ တောင့်တင်းနေပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ မထင်မှတ်ဘဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် အချို့ကမျှော်လင့်နေပါတယ်။
ဒီအပေါ်မှာ အဘွန်လဟော်ကလည်း “စပါးက ချဲလ်ဆီးထက်စာရင် ထိပ်ဆုံးနှစ်သင်း (မန်စီးတီးနဲ့လီဗာပူးကိုရည်ရွယ်သည်) ကို ပိုမိုစိန်ခေါ်နိုင်ပါလိမ့်မယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ကွန်တီအနေနဲ့ သူ့အတွက် လိုအပ်တဲ့ ပြင်ဆင်အားဖြည့်မှုတွေကိုသာရရှိမယ်ဆိုရင် အသင်းကို အကောင်းဆုံး ထိန်းကျောင်းမောင်းနှင်ပေးနိုင်မှာဖြစ်ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း ကွန်တီနဲ့အတူ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါတယ်။
စပါးဟာ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ရိန်းဂျားစ်၊ နည်းပြဟောင်း မော်ရင်ဟိုကိုင်တွယ်နေတဲ့ ရိုးမားတို့နဲ့ ဆက်လက်ကစားရဦးမှာပါ။ အဲ့ဒီနောက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာဧည့်ခံရမှာဖြစ်ပြီး ပွဲစဥ် (၂) မှာတင် ချဲလ်ဆီးနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။