တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ပွဲလူစာရင်းထဲမှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ ဖီးလ် ဂျုံးစ်ကို ထည့်သွင်းခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်နောက်ခံကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ကရာဘောင်းဖလားပွဲစဉ်မှာ အရန်လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပါဝင်ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။ ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာယူနိုက်တက် ယူ-၂၃ အသင်းနဲ့ ကစားရင်း ၎င်းရဲ့ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိလာဖို့အတွက် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၂၂ လအတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားပေးသွားဖွယ်ရှိနေပြီဖြစ်ပါတယ်။
ဖီးလ် ဂျုံးစ်ဟာ ယခုအပတ်အစောပိုင်းက ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပါဝင်ကစားပေးဖို့ အကြုံးမဝင်ခဲ့တာတောင်မှ ယူနိုက်တက်အသင်းသားတွေအားလုံးနဲ့အတူ လိုက်ပါခဲ့သူဖြစ်ပါတယ်။ မိုက်ကယ် ကားရစ်ဟာ ပြီးခဲ့တဲ့အပတ်က ဝက်ဖို့ဒ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ခံခဲ့ရတာကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားမပါဝင်တဲ့ ပွဲထွက်လူစာရင်းကို ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။
ရာဖေးလ် ဗာရိန်းကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးတာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ဗဟိုခံစစ်မှာ လင်ဒီလော့ဖ်၊ အဲရစ် ဘိုင်လီတို့အတွဲနဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး ဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဖရက်ဒ်လည်း လန်ဒန်ကို ထွက်ခွာခဲ့တဲ့ လူစာရင်းနဲ့အတူ လိုက်ပါခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး သောမတ်စ် တူဟယ်ရဲ့အသင်းကတော့ ဂျူဗင်တပ်ကို ၄-၀ နဲ့ အနိုင်ရရှိပြီးနောက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်ကစားရမှာဖြစ်တဲ့အတွက် ယုံကြည်မှုအပြည့် ရှိနေမှာ ဖြစ်ပါတယ်။