ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှုတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ပြီးပြည့်စုံနေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဘန်ဇီမာကို ဆော်ဒီထံ လက်လွှတ်ခဲ့ရတာပါ။
ဒါပေမယ့်လည်း တိုက်စစ်အတွက် ဟိုဆေးလူတစ်ယောက်ကိုသာ ပြန်လည်ခေါ်ယူထားပြီး နောက်ထပ် ဗဟိုတိုက်စစ်မှူး ထပ်မံခေါ်ယူနိုင်ဖို့ လိုအပ်ပါသေးတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်တို့ အမ်ဘာပေကို ခေါ်ယူဖို့ အခွင့်အရေးကောင်းရှိနေပေမယ့် လာမယ့်နွေရာသီမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။
အမ်ဘာပေဟာ လာမယ့်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ အတည်ပြုထားပါတယ်။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီတို့ အမ်ဘာပေကို လက်ရှိနွေရာသီမှာ ရောင်းထုတ်ဖို့ အပူတပြင်းကြိုးစားနေပြီး လက်ရှိမှာတော့ ချဲလ်ဆီးကပါ အမ်ဘာပေအတွက် ကြိုးစားလာကြောင်း သိရှိရပါတယ်။
ပီအက်စ်ဂျီဟာ အမ်ဘာပေအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀)၊ အပိုဆုကြေး ယူရိုသန်း (၅၀) သတ်မှတ်ထားပြီး ချဲလ်ဆီးပိုင်ရှင် တော့ဒ်ဘိုလေက ကစားသမားအလိုက်နဲ့အတူ အမ်ဘာပေကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဘက်ကတော့ ဒီအပေါ်မှာ စိတ်လှုပ်ရှားပုံမရပါဘူး။
ဘာစီလိုနာကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမတိုင်ခင်မှာလည်း အန်ဆယ်လော့တီက “ကျွန်တော်တို့က ပြီးပြည့်စုံသွားပြီလို့ ထင်ပါတယ်။ ကစားသမားသစ်တွေကလည်း ပုံစံကောင်းပြနေပါတယ်။ ဘရာဟင်မ်ဒီယက်ဇ်နဲ့ ဟိုဆေးလူတို့ကလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အကျိုးပြုနိုင်တယ်ဆိုတာကို သက်သေပြထားပါတယ်။ အသင်းမှာ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာတွေ အများကြီးရှိနေပြီး ဒါက ကျွန်တော်တို့အတွက် ဂိုးတွေ ရရှိနိုင်မယ့် အခွင့်အရေးပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။