လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးနဲ့ရင်ဆိုင်ရတော့မယ့် ပွဲနဲ့ပတ်သက်ပြီး လက်စတာနောက်ခံလူရီကာဒိုပါရဲရားက သူတို့အသင်းအနေနဲ့ ချယ်လ်ဆီးရဲ့ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ပစ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ ခြေစွမ်းပြနေကာ အမှတ်ပေးဇယားကိုလည်း ဦးဆောင်နေတဲ့အသင်းဖြစ်ပါတယ်။
ရီကာဒိုက "လက်ရှိအချိန်က အရမ်းခက်ခဲနေတယ်ဆိုတာ သိပါတယ်၊ ချယ်လ်ဆီးက အကောင်းဆုံးပုံစံကိုပြသနေပြီး အမှတ်ပေးဇယားထိပ်နဲ့ ထိုက်တန်တဲ့ အသင်းပါ၊ ချယ်လ်ဆီးက အမြဲတမ်းကစားရခက်တဲ့အသင်းလည်းဖြစ်နေတယ်၊ ဒါပေမယ့် အခုချိန်မှာဆို သူတို့က အရှိန်အဟုန်နဲ့ အရည်အသွေးပိုင်းက ပိုကောင်းနေပါတယ်၊ ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်"
"ကျွန်တော်တို့အားလုံး အကောင်းဆုံးကစားနိုင်မှ အနိုင်ရမှာပါ၊ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ရပါမယ်၊ တကယ်လို့ အကောင်းဆုံးပုံစံရခဲ့မယ်ဆိုရင် အနိုင်ရမယ့် အခွင့်အရေးရှိလာမှာပါ၊ ဒီမတိုင်ခင်ကလည်း ချယ်လ်ဆီးကို အနိုင်ရဖူးပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ အရည်အသွေးကို ကျွန်တော်တို့သိပါတယ်၊ ဒီပွဲက တခြားပွဲတွေနဲ့ ကွဲပြားပါတယ်၊ အကောင်းမြင်စိတ်နဲ့ပဲ ဒီပွဲကိုကစားသွားမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒါပေမယ့် လက်စတာဟာ ဒီရာသီမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားပြီးဖြစ်ကာ လန်ဒန်ကလပ်တွေနဲ့ ရင်ဆိုင်ခဲ့ရမှုတွေမှာလည်း အသာစီးမရခဲ့ပါဘူး။ ဝက်စ်ဟမ်း၊ ဘရန်ဖို့ဒ်၊ အာဆင်နယ်တို့ကို အရေးနိမ့်ထားခဲ့ပြီး အခုကတော့ လန်ဒန်ရဲ့ အကောင်းဆုံးအသင်းဖြစ်နေတဲ့ ချယ်လ်ဆီးကို ရင်ဆိုင်ရမှာမို့ ပိုမိုခက်ခဲဖွယ်ရာရှိနေပါတယ်။